နေပြည်တော် မတ် ၂၈
ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းအဆင်ပြေစေရေး အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ရပ်ကွက်၊ အာယုဒီကကျောင်းတိုက်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အမှတ်(၄) ရပ်ကွက်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်နှင့် အမ်းမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့၊ ဘိုးသိန်းတန် ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များအား နေ့ဆွမ်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့ပြင် အမ်းမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံ ပြည်သူများအား တပ်မတော်မှ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။