ဘွန်း ဘီလ် ဈေးကွက်အကြောင်း သိကောင်းစရာ

ဘွန်း ဘီလ် ဈေးကွက်အကြောင်း သိကောင်းစရာ

ဘွန်း ဘီလ် ဟုဆိုရာတွင် မြန်မာနိုင်ငံအစိုးရကထုတ်ဝေသော အစိုးရငွေ တိုက်စာချုပ်များ(Treasury Bonds)နှင့် ငွေတိုက်လက်မှတ်များ (Treasury Bills) တို့ကို ဆိုလိုပါသည်။

ယင်းငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များသည် သတ်မှတ်ကာလ သက်တမ်းစေ့ ရောက်ပါက  လက်ဝယ်ရှိသူသို့  အစိုးရကမူရင်းတန်ဖိုး  (Face Value) ကို ပြန်လည် ပေးအပ်ပါမည်ဟု ကတိပြုချက်ဖြင့်ထုတ်ဝေ ရောင်းချသော စာရွက်စာတမ်းများ ဖြစ်သော ကြောင့် ယင်းတို့အား အစိုးရ ငွေချေးသက်သေခံလက်မှတ်များ (Government Securities) ဟု ခေါ် ဆိုနိုင်ပါသည်။

ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံအစိုးရများသည် နိုင်ငံ၏အသုံးစရိတ်အတွက် လိုအပ်သောငွေကို ဖြည့်ဆည်းရန်၊  ရင်းနှီးမြှုပ်နှံလိုသူများအတွက် ဆုံးရှုံးနိုင်ခြေ မရှိသော ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းရရှိစေရန်၊ ပြည်သူများအတွက် ယုံကြည်စိတ်ချရသော ငွေကြေးလည်ပတ်မှုကို အထောက်အကူပြုရန်၊ ငွေကြေးဈေးကွက် တည်ငြိမ်စေခြင်းဖြင့် အစိုးရနှင့်ပြည်သူများအကြား အပြန်အလှန် အကျိုးပြုရန်ရည်ရွယ်၍ ငွေတိုက်စာချုပ် များနှင့်  ငွေတိုက်လက်မှတ်များကို အများပြည်သူသို့ထုတ်ဝေရောင်းချခြင်းဖြင့် အရင်း အနှီးဈေးကွက်(Capital Market)တွင်ပါဝင်သော အစိုးရငွေချေးသက်သေ ခံလက်မှတ် ဈေးကွက် (Government Securities Market) တစ်နည်းအားဖြင့် ငွေချေးစာချုပ် ဈေးကွက်(Bonds Market) ကို ဖော်ဆောင်ကြခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၁၉၉၀ ပြည့်နှစ်တွင် သုံးလသက်တမ်းရှိ ငွေတိုက် လက်မှတ်များ (Treasury Bills) ကို လျှော့ရနှုန်း (Discount Rate) ၄ ရာခိုင်နှုန်း ဖြင့်ထုတ်ဝေ၍ နိုင်ငံတော်အတွက် ဘတ်ဂျက်လိုငွေဖြည့်ဆည်းခြင်းကို စတင်ဆောင်ရွက်ခဲ့ ပါသည်။ မြန်မာနိုင်ငံ၌ အရင်းအနှီး ဈေးကွက်ဖြစ်ပေါ်လာစေရေးအတွက် အစိုးရကိုယ်စား မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၁၉၉၃ ခုနှစ်တွင် သုံးနှစ်နှင့် ငါးနှစ်သက်တမ်းရှိ ငွေတိုက် စာချုပ်များ(Treasury Bonds) ကို တစ်နှစ်လျှင် အတိုးနှုန်း (Coupon Rate) ၁၀ ရာခိုင်နှုန်းနှင့် ၁၀ ဒသမ ၅ ရာခိုင်နှုန်းအသီးသီးဖြင့်  အများပြည်သူ သို့ စတင်ထုတ်ဝေ ရောင်းချခဲ့ပါသည်။

၂၀၁၀ ပြည့်နှစ်တွင် သက်တမ်းနှစ်နှစ်ရှိ ငွေတိုက်စာချုပ်ကို တိုးချဲ့ထုတ်ဝေခဲ့ပါသည်။ ထိုစဉ်က နှစ်နှစ်၊ သုံးနှစ်နှင့် ငါးနှစ်သက်တမ်း ငွေတိုက်စာချုပ်များ၏ တစ်နှစ်တာ အတိုးနှုန်းများမှာ ၈ ဒသမ ၇၅ ရာခိုင်နှုန်း၊  ၉ ဒသမ ၀ ရာခိုင်နှုန်းနှင့် ၉ ဒသမ ၅ ရာခိုင်နှုန်းအသီးသီးဖြစ်ပါသည်။

ယင်းငွေတိုက်စာချုပ်များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ  မြန်မာ့စီးပွားရေး ဘဏ်ခွဲများနှင့် ရန်ကုန်မြို့ရှိ မြန်မာငွေချေးသက်သေခံလက်မှတ်များ လဲလှယ် ရောင်း ဝယ်ရေးကုမ္ပဏီ (Myanmar Securities Exchange Center - MSEC) တို့၌ ၂၀၁၅ ခုနှစ်အထိ အများပြည်သူသို့ လွတ်လပ်စွာရောင်းချပေးခဲ့ပါသည်။

နည်းပညာဖွံ့ဖြိုးမှုရေစီးကြောင်းနှင့်အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ် သည် ငွေတိုက် လက်မှတ်ရောင်းချမှုကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ တွင်လည်းကောင်း၊ ငွေတိုက် စာချုပ်ရောင်းချမှုကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင်လည်းကောင်း စာရွက်စာတမ်းအခြေပြုစနစ် (Paper Based System) မှ အီလက်ထရွန်နစ် နည်းပညာဖြင့် မှတ်တမ်းတင်သည့်စနစ် (Scriptless System)သို့ ပြောင်းလဲခဲ့ပါသည်။ ယင်းသို့ပြောင်းလဲ ရာတွင် ငွေတိုက်စာချုပ်/ငွေတိုက် လက်မှတ်ဝယ်ယူလိုသည့် အဖွဲ့အစည်းများအလိုက် ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လစဉ် ဈေးပြိုင် (Auction) စနစ်ဖြင့်ရောင်းချသည့်    ကနဦး/မူလဈေးကွက် (Primary Market) ၌ ဝယ်ယူနိုင်ပါသည်။ တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ဆင့်ပွားဈေးကွက် (Secondary Market) တွင် ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီ (Securities Company-SC) များမှတစ်ဆင့် ငွေချေး သက်သေခံလက်မှတ်စာရင်း   (Securities Account)  ဖွင့်လှစ်၍ လွယ်ကူစွာရောင်းဝယ်နိုင်ပါသည်။ သက်တမ်းမစေ့မီ ပြန်လည် ရောင်းချလိုပါက ဆင့်ပွားဈေးကွက်(Secondary Market) တွင် ပြန်လည်ရောင်းချ နိုင်ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ငွေချေးသက်သေခံ  လက်မှတ် လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (Securities and Exchange Commission-SEC)  ကို  ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုရန်၊  စတော့ရှယ်ယာဈေးကွက်(Stock Market) တည်ထောင်ပြီး  ဆက်လက် ဖွံ့ဖြိုးတိုးတက်စေရေးနှင့်   အစိုးရငွေချေး သက်သေခံလက်မှတ်များ ဆင့်ပွား ဈေးကွက်(Government Securities Secondary Market) ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိန်းကျောင်း၊ ကြီးကြပ်ရန် ဖွဲ့စည်းတည်ထောင် ခဲ့ပါသည်။ ကော်မရှင်ရုံး၏ လုပ်ငန်း တာဝန်များကို ၂၀၁၄ ခုနှစ်  နိုဝင်ဘာလတွင်  စတင်ဆောင်ရွက်ခဲ့ပါသည်။  ကော်မရှင်သည်  ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ  နိုဝင်ဘာလအတွင်း  အောက်ဖော်ပြပါ  ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီ  (SC)  ခြောက်ခုအား  ငွေချေးသက်သေခံလက်မှတ်များကိုတာဝန်ခံ၍   တစ်ဆင့်ပြန်လည် ရောင်းချခြင်း(Underwriting) လုပ်ငန်းလိုင်စင်ကို  ထုတ်ပေးခဲ့ပါသည်-

အစိုးရငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်များ ဝယ်ယူလိုပါက အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်-

(၁)     E-Banking စနစ်ရရှိသည့် နှစ်သက်ရာဘဏ်တွင် ငွေစာရင်း    ဖွင့်လှစ်ခြင်း၊ (ငွေစာရင်း ဖွင့်ပြီးသားရှိပါက မလိုပါ။)

(၂)     ဝယ်ယူလိုသည့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (SC)တွင်  ငွေချေး သက်သေခံ လက်မှတ်စာရင်း (Securities Account) ဖွင့်လှစ်ခြင်း၊ (Securities Account ဖွင့်လှစ်ခြင်းကို Mobile Application အသုံးပြု၍ Online ဖြင့်လည်း ဖွင့်လှစ်နိုင်ပါသည်။ စာရင်းဖွင့်လှစ်ပြီးပါက SC မှ ယင်းစာရင်းအတွက် အသိအမှတ်ပြု နံပါတ်(ID) ပေးပါမည်။)

(၃)     ဝယ်ယူလိုသည့် ငွေတိုက်စာချုပ်/ငွေတိုက်လက်မှတ်တန်ဖိုးကို ဘဏ်ငွေစာရင်းမှ SC ရှိ Securities Accountသို့     စာရင်းလွှဲပြောင်းခြင်း၊ (လူကိုယ်တိုင် SC သို့ သွားရောက်ရန်မလိုဘဲ ဖုန်းဖြင့်ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။)

(၄)     အထက်ပါလုပ်ငန်းစဉ်များ ပြီးမြောက်ပါက ဝယ်ယူသူသို့ SC က ထုတ်ပေးမည့်        ငွေတိုက်စာချုပ်/ ငွေတိုက်လက်မှတ်      တန်ဖိုး မည်မျှဝယ်ယူထားကြောင်း အသိအမှတ် ပြုလွှာ          (Acknowledgement Certificate) ကို စိစစ်ရယူခြင်း။

ငွေချေးစာချုပ်ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်ပါသည်-

(၁)     လက်ရှိ ငွေစုဘဏ်အပ်ငွေ၊ စာရင်းသေအပ်ငွေ အတိုးနှုန်းအထက်မြင့်သော အတိုးနှုန်းကိုရရှိနိုင်ခြင်း၊

(၂)     SC သို့ လူကိုယ်တိုင်သွားရောက်ရန်မလိုဘဲ  Online မှတစ်ဆင့် စာရင်းပြောင်း နည်းဖြင့် အလွယ်တကူ ရောင်းဝယ်နိုင်ခြင်း၊ စာရွက်စာတမ်း ထိန်းသိမ်းရန်မလိုခြင်း၊

(၃)     Secondary Market ၌ ရင်းနှီးငွေအပေါ်ပြန်ရချက်နှုန်း (Yield)ဖြင့် ရောင်းဝယ် ရာတွင်    မူရင်းတန်ဖိုးနှင့်       ဝယ်ယူသည့်ဈေးနှုန်း၏ ခြားနားချက် (Capital Gain) ကို       ရရှိနိုင်ခြင်း၊

(၄)     သက်တမ်းစေ့ရောက်သော  ငွေတိုက်စာချုပ်၊ ငွေတိုက် လက်မှတ်လက်ဝယ်ရှိသူသို့ အစိုးရက ငွေပြန်အမ်းရန်        ကတိပြုထားသဖြင့် ဆုံးရှုံးနိုင်ခြေ (Risk) မရှိခြင်း၊

(၅)    ငွေသားများစွာကို လက်ဝယ်ကိုင်ဆောင်ထားခြင်းဖြင့် မမျှော်မှန်းနိုင်သော ဆုံးရှုံးနိုင်ခြေ (Invisible Risk) မှ ကာကွယ်ပြီးဖြစ်ခြင်း။

ယခုအခါ Primary Market ၌ သုံးလ၊ ခြောက်လနှင့်  ၁၂  လ သက်တမ်းရှိ ငွေတိုက် လက်မှတ်များကို တစ်လလျှင် နှစ်ကြိမ်နှင့် နှစ်နှစ်၊ သုံးနှစ်နှင့် ငါးနှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်များကို တစ်လလျှင်တစ်ကြိမ် ဈေးပြိုင် (Auction) စနစ်ဖြင့် ရောင်းချပေး လျက်ရှိပါသည်။ ထုတ်ဝေမည့်ပမာဏနှင့် အခြေခံအတိုးနှုန်းသတ်မှတ်မှုများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေတိုက်ဦးစီးဌာနက သတ်မှတ်ပါသည်။ ဈေးပြိုင် ရောင်းချမှုကို ငွေတိုက်ဦးစီးဌာနကိုယ်စား မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဆောင်ရွက် ပါသည်။ Auction တွင် ဈေးပြိုင်ဝင်ရောက်ခွင့်ရှိသူများမှာ ဘဏ်များနှင့်ငွေရေး ကြေးရေး အဖွဲ့အစည်းများဖြစ်ပါသည်။ တစ်ဦးချင်းဝယ်ယူလိုသူများသည် SC များမှတစ်ဆင့် ဝယ်ယူနိုင်ပါသည်။

၁-၅-၂၀၂၀ ရက်နေ့မှစ၍ ငွေစုဘဏ်အပ်ငွေအပေါ် တစ်နှစ်ရရှိမည့်အတိုးနှုန်းသည် ၅ ရာခိုင်နှုန်းသာရှိပါသည်။ ၁-၆-၂၀၂၁ ရက်နေ့မှ ၁၁-၆-၂၀၂၁ ရက်နေ့အထိ Secondary Market ၌ တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူများက ငွေတိုက်လက်မှတ် စုစုပေါင်းတန်ဖိုးငွေကျပ် ၃၇၃ ဒသမ ၅ သန်းနှင့် ငွေတိုက်စာချုပ် စုစုပေါင်းတန်ဖိုးငွေကျပ် ၄၁ ဒသမ ၆ သန်း  ရောင်းဝယ်မှုရှိခဲ့ပါသည်။

၁၅-၆-၂၀၂၁ ရက်နေ့တွင် နှစ်နှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်အား အခြေခံအတိုးနှုန်း ၇ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ငါးနှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်အား အခြေခံအတိုးနှုန်း ၇ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း Primary Market တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကဈေးပြိုင်စနစ်ဖြင့်ရောင်းချခဲ့ရာ နှစ်နှစ်သက်တမ်း ငွေတိုက် စာချုပ်အတွက် ပျမ်းမျှအတိုးနှုန်း ၈ ဒသမ ၉၅၆ ရာခိုင်နှုန်းဖြင့် ငွေကျပ်သန်းပေါင်း  ၂၃၀၀၀ လေလံအောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။

သို့ဖြစ်ရာ  ငွေပိုငွေလျှံရှိသူ၊     ရင်းနှီးမြှုပ်နှံသူများအနေဖြင့်  ငွေချေးသက်သေခံ လက်မှတ် ကုမ္ပဏီ(SC)များသို့  ဆက်သွယ်၍  ဘဏ်အပ်ငွေ အတိုးနှုန်းထက်မြင့်မားသော အတိုးနှုန်း ရရှိနိုင်ပြီး ဆုံးရှုံးနိုင်ခြေမရှိသော အစိုးရငွေတိုက်စာချုပ်များ၊ အစိုးရငွေတိုက် လက်မှတ် များကို လွတ်လပ်စွာ ဝယ်ယူရင်းနှီးမြှုပ်နှံသင့်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။    ။