ပခုက္ကူ၊ ဒေသဖွံ့ဖြိုးရေး
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်သည် သြဂုတ် ၂၀ ရက်နံနက်ပိုင်းတွင် ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းရှိ 3 Seasons Furaiture ထန်းနှင့် သစ်အချောထည်စက်ရုံသို့သွားရောက်ကြည့်ရှုသည်။
ထိုသို့သွားရောက်ကြည့်ရှုရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ ပခုက္ကူခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များလိုက်ပါကြပြီး ပခုက္ကူမြို့ ထန်းနှင့်သစ် အချောထည် စက်ရုံလည်ပတ်မှု အခြေအနေအား သွားရောက်ကြည့်ရှုရာ စက်ရုံပိုင်ရှင် ဦးကျော်နိုင်သန်းက ထန်းသားနှင့်ပရိဘောဂပစ္စည်းများ၊ အသုံး အဆောင် ပစ္စည်းများ တီထွင်ဖန်တီးလုပ်ဆောင်နေမှုနှင့် သစ်အချောထည်ပစ္စည်းများ ထုတ်လုပ်နေမှု၊ ပြည်တွင်းနှင့် ပြည်ပ ဈေးကွက် တင်ပို့နိုင်မှုနှင့် ဈေးကွက်အခြေအနေတို့ကို ရှင်းလင်းတင်ပြရာစီးပွားရေးရာဝန်ကြီးက လိုအပ်ချက်များ ကူညီပံ့ပိုးပေး နိုင်မည့် အခြေအနေနှင့် ဆက်လက်ကြိုးစားဆောင်ရွက်ပေးရန် အကြံပြုဆွေးနွေးသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ပခုက္ကူမြို့ စည်ပင်ဧည့်ရိပ်သာခန်းမ၌ ပခုက္ကူမြို့ နယ်နှင့် ရေစကြိုမြို့နယ်အတွင်းရှိ ကုန်သည်ပွဲစားများအသင်း၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဒေသထွက် ကုန်ပစ္စည်း များ၏ ဈေးကွက်အခြေအနေနှင့် လက်ရှိဆောင်ရွက်နေမှုအခြေအနေတို့ကို အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။
ဇော်(အဝေးသင်)