မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် လုံခြုံရေးတာဝန်ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူလူအုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ မတ် ၃၁
    
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါဒေသတွင် ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် ငြိမ်းချမ်းစွာနေထိုင်သွားလာလိုသော ပြည်သူလူထုများ အနှောင့်အယှက်ဖြစ် စေရန်နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား တားဆီးနှောင့်ယှက်ရန် ရည်ရွယ်ချက်များဖြင့် တစ်မြို့နှင့် တစ်မြို့သွားလာမှုများ၊ တစ်ရွာနှင့်တစ်ရွာသွားလာမှုများ၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် နှင့် ဆက်စပ်သွားလာနေသော လမ်းမကြီးများအား အတားအဆီးမျိုးစုံအသုံးပြု၍ အခိုင်အမာပိတ်ဆို့ ထားခြင်းများပြုလုပ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုး ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း နှောင့်ယှက်ဟန့်တားခြင်းများကို ပြင်းပြင်းထန်ထန် တုန့်ပြန်ပြုမူ ဆောင်ရွက်လာကြသည်ကို တွေ့ရှိရသည်။
    
ယနေ့နံနက် ၁ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါ-ကလေး သွားလမ်း မိုင်တိုင်အမှတ်၊ (၅၂/၃)ရှိ ကမ်းပါးနီတံတားအား ဆူပူအကြမ်းဖက်သူများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ထိုသို့ဖောက်ခွဲပျက်စီးသွားသည့် ကမ်းပါးနီတံတား သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ တံတားထိပ်တစ်ဖက်ကမ်းမှ အကြမ်းဖက်သူအင်အား ၁၀၀ ဦးခန့်က တူမီးသေနတ်များ၊ လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ရန်ပြုတိုက်ခိုက်လာခဲ့သဖြင့် လူစုလူဝေးဖြိုခွဲခြင်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ရာ နံနက် ၁ နာရီ ၅၀ မိနစ်ခန့်တွင် လူစုကွဲသွားခဲ့ပြီး အကြမ်းဖက်သူများအနက် အမျိုးသား ၁ ဦးအား လက်လုပ်သေနတ် ၁ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။ အကြမ်းဖက်သူများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် ကမ်းပါးနီ တံတား၏ အလယ်ကြမ်းခင်း၌ ၁ ပေပတ်လည်ခန့် ၂ နေရာ ပေါက်ပြဲပျက်စီးခဲ့ပြီး မော်တော်ယာဉ်များ ပုံမှန်အတိုင်းဖြတ်သန်းသွားလာနိုင်ကြောင်း သိရှိရသည်။
    
၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဂန့်ဂေါမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြစ်သာမြစ်ကူးတံတားထိပ်၌ စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အမျိုးသား  ၂ ဦး(စိစစ်ဆဲ)က အမှတ်(၃)ရပ်ကွက် လမ်းသွယ် အတွင်းမှနေ၍ တူမီးသေနတ်ဖြင့် လာရောက်ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့သည်။
    
အထက်ပါပစ်ခတ်မှု ဖြစ်ပွားသည့်နေရာသို့ အင်အားထပ်မံပူးပေါင်း ဆောင်ရွက်နိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များထွက်ခွာလာစဉ် မြို့မရပ်ကွက်၊ တောင်ကုန်းဘုန်းကြီးကျောင်းအနီး အရောက် ၌ ဘုန်းကြီးကျောင်းအောက်ခြေ တောင်ကုန်းပေါ်မှ ဘုန်းကြီးတစ်ပါးနှင့် မျက်နှာဖုံးအုပ်ထားသည့် အကြမ်းဖက်သူလူစုလူဝေးအင်အား ၁၀ ဦးခန့်မှ  မြေနေရာအသာစီးရယူကာ တူမီးသေနတ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ရာ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် အဆိုပါ အကြမ်းဖက်အဖွဲ့မှာ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။
    
အဆိုပါနေရာသို့ ပူးပေါင်းအဖွဲ့များက အသေးစိတ်စစ်ဆေးခဲ့ရာ ဘုန်းကြီးကျောင်းပတ်ဝန်းကျင် အနီး၌ ကျားကျေးရွာနေ မင်းမော်(၂၇)နှစ် (ဘ)ဦးထော်ဦးအား ထိခိုက်ဒဏ်ရာရရှိ သေဆုံးနေသည် ကိုတွေ့ရှိရပြီး ၎င်းအနီးမှ တူမီးသေနတ် ၁ လက်၊ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ လက်လုပ် မိုင်း ၁ လုံး၊ ဖုန်း ၁ လုံး၊ လေးခွ ၁ လက်၊ ဓား ၁ ချောင်း၊ မူးယစ်ဆေးဝါးဟုယူဆရသော အမှုန့်များ ထည့်ထားသည့် ဆေးထိုးပိုက်  ၂ ခု၊ခဲသီး ၁၀ လုံး၊ စတီးဘောစိ ၁၃ လုံး၊ ယမ်းမှုန့်ဗူး ၁ ဗူးတို့အား လည်းကောင်း၊ ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ပစ်ပြီးသား ကိုးလုံးကျည်ခွံ ၄ ခု၊ မပစ်ရသေးသည့် ကိုးလုံးကျည် ၁ တောင့်၊ လက်လုပ်ဗုံး ၂ လုံး၊ လက်လုပ်မိုင်း ၂ လုံး၊ ယမ်းထုပ် ၃ ထုပ်၊မီးလောင်ဗုံး ၅ လုံးနှင့် ရှူးဒိုင်း ၂ ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။

အလားတူ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရမ်းကျေးရွာအနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များကို ဆူပူအကြမ်းဖက်သူအင်အား ၃၀၀ ဦးခန့်က ယနေ့နံနက် ၉ နာရီခန့်တွင် တူမီး သေနတ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့သောကြောင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူများ ဆုတ်ခွာသွားခဲ့သည်။ သို့သော်လည်း နေ့လယ်ပိုင်းတွင် ပြန်လည် စုဝေး လာသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ လူစုလူဝေးအား ဖြိုခွဲခဲ့ပြီး ဆူပူအကြမ်းဖက်သူများအနက် ပြင်ပဒဏ်ရာရရှိခြင်းမရှိဘဲ နားစည်ကွဲ သေဆုံးလျက်ရှိသော အမျိုးသား ၁ ဦးကို တူမီးသေနတ် ၁ လက်၊ လက်လုပ်မိုင်း ၁ လုံးတို့လည်းကောင်း၊ အမျိုးသား ၂ ဦးကို တူမီးသေနတ် ၁ လက်နှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။ 
    
ထို့ပြင် ကလေးမြို့၊ တာဟန်းရပ်ကွက်၊ တာဟန်းမီးပွိုင့်အနီး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၄ ဦးအား ဆူပူအကြမ်းဖက်သူများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသဖြင့် အဆိုပါတပ်ဖွဲ့ဝင် များ ပြန်လည်ရရှိရေး လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
    
နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေး လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးနှင့် ငြိမ်းချမ်းစွာနေထိုင်လိုသည့် ပြည်သူလူထု၏ အကျိုးစီးပွားကိုရှေ့ရှု့၍ အကြမ်းဖက်အဖွဲ့အစည်း၏ ဆောင်ရွက်နေမှုများအား တားဆီးကာကွယ်ရေးလုပ်ငန်းများအား ပိုမိုဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။