မန္တလေးတိုင်းဒေသကြီးအတွင်း ဆေးဝါးနှင့်ဆေးပစ္စည်း သိုလှောင်သည့် နေရာများအား ကွင်းဆင်း စစ်ဆေး

မန္တလေးတိုင်းဒေသကြီးအတွင်း ဆေးဝါးနှင့်ဆေးပစ္စည်း သိုလှောင်သည့် နေရာများအား ကွင်းဆင်း စစ်ဆေး

နေပြည်တော်  သြဂုတ်  ၁၅

မန္တလေးတိုင်းဒေသကြီး ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့မှ တာဝန်ရှိသူများသည် မန္တလေးမြို့ပေါ်ရှိ ဆေးဝါးနှင့် ဆေးပစ္စည်းများ  သိုလှောင်ထားသည့် နေရာများသို့ မြေပြင်ကွင်းဆင်းကာ ဆေးသိုလှောင်ရုံများအတွင်း ဆေးဝါးများ စနစ်တကျထားရှိမှု အခြေအနေများ၊ နေ့စဉ်ဆေးဝါး ရောက်ရှိဖြန့်ဖြူး လက်ကျန်စာရင်းများနှင့် မြေပြင်လက်ကျန် မှန်ကန်မှု ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေး ကြည့်ရှုခြင်း၊ မြေပြင်အခြေအနေတွင် ဆေးဝါးများ ပြတ်လပ်မှု အခြေအနေများ ရှိ၊ မရှိနှင့်   ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းရာနှင့်   ဖြန့်ဖြူးရောင်းချရာတွင် အခက်အခဲမရှိစေရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်းနှင့် ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများကို ဈေးကွက်အတွင်း  ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း၊   ဈေးကစားရန် ရည်ရွယ်ချက်နှင့် သိုလှောင်ခြင်း၊ တရားမဝင် ကုန်ပစ္စည်းများ၊ အတုအပနှင့် အရည်အသွေးနိမ့် ပစ္စည်းများ ရောင်းချခြင်း   ရှိ၊ မရှိ စစ်ဆေးခြင်းများကို  သြဂုတ်လ ၁၄ ရက်နှင့် ယနေ့တို့တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ  ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ကို မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်မားနေသည့်ကာလတွင် ဈေးကွက်အတွင်း ကူးစက်ရောဂါကာကွယ်၊ ကုသရေး၊ ဆေးဝါး၊ ဆေးပစ္စည်းများနှင့်  အထောက်အကူပြုပစ္စည်းများပြတ်လပ်မှု မရှိစေရေး၊ သတ်မှတ် အရည်အသွေးနှင့် ဈေးနှုန်း မှန်ကန်စေရေးတို့အတွက် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံး သူရေးရာဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်  ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ မန္တလေးမြို့တော်  စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီး  စည်ပင်သာယာရေးအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး   ရဲတပ်ဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

၎င်းအပြင်   မန္တလေးတိုင်း ဒေသကြီး ခရိုင်/မြို့နယ် အားလုံးတွင်လည်း ခရိုင်/ မြို့နယ်အဆင့် အဖွဲ့များလည်း ဖွဲ့စည်းထားရှိပြီး နေ့စဉ်ဆေးဆိုင်များဖွင့်လှစ်မှု ရှိ၊ မရှိ၊ဆေးဝါးဈေးနှုန်း အခြေအနေ၊  စည်းကမ်း စနစ်တကျရောင်းချမှု    ရှိ၊ မရှိတို့ကို ခရိုင်/ မြို့နယ်အလိုက်  စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း   သတင်းရရှိသည်။