မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ ဆူပူဆန္ဒပြရာတွင် ကိုင်ဆောင်အသုံးပြုရန် နိုင်ငံတော်ဆန့်ကျင်ရေးစာသားများပါ လက်ကိုင်စာရွက်များ ပြုလုပ်ပေးသည့် ကွန်ပျူတာဆိုင်အား ဝင်ရောက်ဖမ်းဆီး
နေပြည်တော်၊ မတ် ၂၂
ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လူအားဖြင့်လှုပ်ရှားမှုများအပြင် နိုင်ငံတော် အစိုးရဆန့်ကျင်ရေးရုပ်ပုံများ၊ စာတမ်းများအား အများပြည်သူပိုင်လမ်းမကြီးများတွင် ဆေးရေး ခြယ်ခြင်း၊ ညအချိန်တွင် အစိုးရဆန့်ကျင်ရေးစာသားများပါ ဖယောင်းတိုင်ထွန်းခြင်း စသည်ဖြင့် လူစုလူဝေး ဖြစ်ပေါ်အောင် လှုံ့ဆော်ဆောင်ရွက်မှုများအပြင် နိုင်ငံတော်အကြီးအကဲ၏ ဓါတ်ပုံများအား ဗီနိုင်း/စက္ကူများဖြင့် ပုံနှိပ်ထုတ်ဝေပြီး လမ်းမကြီးများနှင့် လူသွားလမ်းကြောင်းများတွင် ချထားခြင်း၊ အုတ်တံတိုင်းနှင့် သင်္ချိုင်းအုတ်ဂူများတွင် ကပ်ထားခြင်းစသည်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်အခြေအနေ အခွင့်သာမှုအပေါ်မူတည်ကာ မသင့်မလျော်လုပ်ဆောင်နေသည်ကို တွေ့ရှိရပါသည်။
၎င်းကဲ့သို့ နိုင်ငံတော်အစိုးရအား ဆန့်ကျင်သည့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ပုံနှိပ်ထုတ် ဝေခြင်း၊ မိတ္တူကူးခြင်း စသည့်လုပ်ငန်းရပ်များကို စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်နေကြသော ကွန်ပျူတာဆိုင်များ၊ မိတ္တူကူးဆိုင်များသည် ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့် ငြိစွန်းသည့်အပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အရေးယူခံရသည့် ပြစ်မှုကျူးလွန်မှုများကို ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ၎င်းလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ခြင်းမပြု(မပြု)လုပ်ကြပါရန်နှင့် စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၈ ရက်နေ့တွင် သတင်းထုတ်ပြန် အသိပေးထား ရှိပြီး ဖြစ်ပါသည်။
ထိုသို့ သတင်းထုတ်ပြန်ထားရှိပြီးဖြစ်သော်လည်း ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင် ရပ်ကွက်၊ လမ်း ၃၀၊ ၇၀ × ၇၁ လမ်းကြားရှိ တင်ယု(၅၃)နှစ်၊ (ဘ)ဦးခင်မောင်၊ ပိုင်ဆိုင်သော "ငုဝါ" မိတ္တူ၊ကွန်ပျူတာနှင့် ကားလက်မှတ်အရောင်းဆိုင်တွင် နိုင်ငံတော်အစိုးရအား ဆန့်ကျင်သည့် ရုပ်ပုံ၊ စာသားများအား ပုံနှိပ်ထုတ်ဝေခြင်း၊ မိတ္တူကူးခြင်း စသည့်လုပ်ငန်းရပ်များကို စီးပွားရေးလုပ်ငန်း အဖြစ် ဆောင်ရွက်လုပ်ကိုင်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ တင်ယု အား ဆိုင်အတွင်းတွေ့ရှိရသဖြင့် ထိန်းသိမ်းပြီး ၎င်းဆိုင်အတွင်းဆက်လက်ရှာဖွေရာ ပုံနှိပ်လုပ်ငန်းတွင် အသုံးပြုသော ကွန်ပျူတာ(၃)စုံ၊ မိတ္တူကူးစက်(၄)လုံး၊ ပရင်တာ(၁)လုံးတို့နှင့် ဆက်စပ်ပစ္စည်း မျိုးစုံနှင့်အတူ နိုင်ငံတော်ဆန့်ကျင်ရေး စာသားများပါ လက်ကိုင်စာရွက်(၁၉)ရွက်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ တင်ယုအား နိုင်ငံတော်အစိုးရဆန့်ကျင်ရေး ရုပ်ပုံနှင့်စာသားများ ပါ လက်ကိုင်စာရွက်များ ပုံနှိပ်ထုတ်ဝေပေးခဲ့သဖြင့် ဥပဒေနှင့်အညီအရေးယူနိုင်ရေး အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။