မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ အမျိုးသား ၁ ဦးနှင့် "မြတောင်" ကျောင်းတိုက် အတွင်းမှ ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် ပစ္စည်းကိရိယာများ သိမ်းဆည်းရမိ

နေပြည်တော်၊ မတ် ၂၈

     ၂၀၂၁ ခုနှစ် မတ်လ ၂၈ ရက် နေ့လည် ၁၂ နာရီ ၅ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ ၈၅ x ၃၅ လမ်းရှိ "မြတောင်"ကျောင်းတိုက်အနီးတွင် လုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် ကျောင်းတိုက်တောင်ဘက်မုဒ် အနီး၌ သူရစိုး(ခ)စိုးသူ (၃၀)နှစ် (ဘ) ဦးအောင်ထူးအား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် သွားရောက် စစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် ကျောပိုးအိတ် အတွင်းမှ လက်လုပ်မိုင်း ၃ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ လက်အိတ် ၁ ထုပ်၊ ကင်းဘတ်ဖိနပ် ၂ ရံ၊ လေးခွ ၁ လက်၊ ဒူးကာ ၄ ခု၊ တံတောင်ကာ ၃ ခု၊ ဖန်ဂေါ်လီ ၃၀ လုံးနှင့် ဦးထုပ် ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိသဖြင့် သူရစိုးအား လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်နိုင်ရေး ထိန်းသိမ်း ထားရှိခဲ့ပါသည်။

    ဆက်လက်၍ လုံခြုံရေး ဆောင်ရွက်နေစဉ် နေ့လည် ၁ နာရီအချိန်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့အား ကျောင်းတိုက်ဘက်မှ အမျိုးသား ၁ ဦး (စိစစ်ဆဲ)က လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ပေါက်ခဲ့သဖြင့် ပေါက်ကွဲခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦးတွင် နဖူးထိမှန်ဒဏ်ရာ ရရှိခဲ့၍ "မြတောင်" ကျောင်းတိုက် ဆရာတော်အား ခွင့်ပြုချက်တောင်းခံကာ ကျောင်းဝင်းအတွင်းရှိ အဆောင်များအား ဝင်ရောက်ရှာဖွေခဲ့ရာ ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုသည့် ဒိုင်း ၃၀ ချပ်၊ ဦးထုပ်မျိုးစုံ ၇ လုံး၊ ကျည်ကာအင်္ကျီ ၅ ထည်၊ Hand Speaker ၂ လုံး၊ မျက်မှန် ၁၀၀ လက်၊ ယာဉ်နံပါတ်ပြား ၆ ခုနှင့် နိုင်ငံတော် ဆန့်ကျင်ရေး စာသားပါ လက်ကိုင်ဆိုင်းဘုတ်များအား သိမ်းဆည်း ရမိခဲ့ပါသည်။

     အထက်ပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသည့် သူရစိုး(ခ)စိုးသူနှင့် ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့်ပစ္စည်းများ သိုဝှက်သိမ်းဆည်းထားသူများအား ဥပဒေနှင့်အညီ ဖော်ထုတ် အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။