မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ Denko စက်သုံးဆီအရောင်းဆိုင်အား အကြမ်းဖက်လူအုပ်စုမှ မင်းမဲ့စရိုက်ဆန်စွာဝင်ရောက်ဖျက်ဆီး၊ ပြင်ဦးလွင်မြို့နှင့် ပြည်မြို့နယ်တို့၌ အများပြည်သူများအား အထိတ်တလန့်ဖြစ်စေရန် အသံမိုင်းများ၊ မီးပုလင်းများဖြင့် လာရောက်ပစ်ခတ်

နေပြည်တော်၊ မတ် ၂၅

၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက် နေ့လည် ၁၂ နာရီခွဲအချိန်တွင် မဟာအောင်မြေမြို့နယ်၊ ၅၄ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ Denko စက်သုံးဆီအရောင်းဆိုင်အား မျက်နှာဖုံးများစွပ်ထားပြီး အနက်ရောင်များ ဝတ်ဆင်ထားသည့် အကြမ်းဖက်လူအုပ်စုအင်အား ၈ ဦး(စိစစ်ဆဲ)တို့သည် ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်းများအား ဆဲဆိုခြိမ်းခြောက်ကာ ၎င်းတို့ထံတွင် အသင့်ပါလာသော ရဲဒင်း၊ တုတ်များဖြင့် ဆီပန့်ကောင်တာနှင့် ငွေစာရင်းကောင်တာများအား အကြောင်းမဲ့ရိုက်ချိုးဖျက်ဆီးသွားခဲ့သဖြင့် ဆီပန့်ကောင်တာ ၅ လုံး နှင့် ငွေစာရင်းကောင်တာ ၁ လုံး တို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပါသည်။

 ထို့ပြင် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၈)အုပ်ချုပ်ရေးမှူးရုံးအား ယနေ့နေ့လယ် ၁၂ နာရီ ၄၅ မိနစ် ခန့်တွင် ဆူပူအကြမ်းဖက်သူ ၁ ဦးမှ ဆိုင်ကယ်ဖြင့်လာရောက်၍ ဒေသန္တရလက်လုပ်မိုင်း ၁ လုံးဖြင့် လည်းကောင်း၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူတစ်ဦးမှ ပြင်ဦးလွင် မြို့နယ်၊ နွယ်ဝတီဟိုတယ်အား ဒေသန္တလက်လုပ်မိုင်း ၁ လုံးဖြင့် လည်းကောင်း ပြည်သူများ အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ အသီးသီးလာရောက် ပစ်ခတ်ခဲ့ရာ အသံမြည်ရုံသာကွဲခဲ့ပြီး ဘေးပတ်ဝန်းကျင် ထိခိုက်မှုမရှိိကြောင်း သိရှိရသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ ရဲစခန်းဝင်းအတွင်းသို့ ယနေ့နေ့လယ် ၂ နာရီ ၅၅ မိနစ်ခန့်တွင် အမျိုးသား ၃ ဦးမှ ရေနံဆီထည့်ထားသည့် မီးပုလင်းများဖြင့် ပစ်ပေါက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲဝင်များက ခြောက်လှန့်ပစ်ခတ်ခဲ့သဖြင့် အဆိုပါအမျိုးသား ၃ ဦးမှာ ပြန်လည် ထွက်ပြေးသွားခဲ့ပြီး မီးပုလင်းဖြင့် ပစ်ပေါက်မှုကြောင့် ရဲစခန်းဝင်းအတွင်းရှိ သက်သေခံဆိုင်ကယ် ၄ စီးမှာ အနည်းငယ်မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ စက်သုံးဆီအရောင်းဆိုင်အား မင်းမဲ့စရိုက်ဆန်စွာဝင်ရောက် ဖျက်ဆီးခဲ့သူများ နှင့် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ပြီး အဖျက်အမှောက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။