နေပြည်တော်၊ မေ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ ၂ ဦးအား အကြမ်းဖက်အုပ်စုများမှ အုပ်ချုပ်ရေးယန္တရားထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ကာ ရည်ရွယ်ချက် ရှိရှိ ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်လုပ်ကြံခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ရမည်းသင်းမြို့နယ်၊ အင်းပေါင်တောင် ကျေးရွာနေ အင်းပေါင်ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှူးဖြစ်သူ ဦးမြင့်နိုင် (၅၄)နှစ်နှင့် တစ်ရွာတည်းနေ ရာအိမ်မှူးဖြစ်သူ ဦးတင်ဇော်ဝင်း (၅၁)နှစ် တို့ ၂ ဦးသည် အင်းပေါင်ကျေးရွာမှ ရမည်းသင်းမြို့သို့ ရမည်းသင်း-မြို့လှကားလမ်းအတိုင်း ဆိုင်ကယ် ၁ စီးဖြင့် ထွက်ခွာလာစဉ် မကျီးကုန်း ကျေးရွာအဝင် အနီးအရောက်တွင် အနောက်မှ ဆိုင်ကယ် ၂ စီးဖြင့်လိုက်ပါလာသော အကြမ်းဖက်သူ အမျိုးသား ၄ ဦး(စိစစ်ဆဲ)က ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်ခဲ့သဖြင့် ဦးမြင့်နိုင်နှင့် ဦးတင်ဇော်ဝင်းတို့တွင် ဝဲချိုစောင်း၊ နားထင်၊ ပါး၊ နှာခေါင်း၊ လည်ပင်းနှင့် ဝဲပခုံးတို့တွင် ပြတ်ရှဒဏ်ရာများ (စိုးရိမ်ရ) အသီးသီး ရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး ရမည်းသင်းမြို့ ပြည်သူ့ဆေးရုံမှတစ်ဆင့် နေပြည်တော်၊ ကုတင်(၁၀၀၀) ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့ရပါသည်။
အထက်ပါဖြစ်စဉ်မှ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူ ၂ ဦးအား ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်ခဲ့ သည့် အကြမ်းဖက်သမား ၄ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုက်လံစုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိပါသည်။