မန္တလေး-နေပြည်တော်-ရွာသာကြီး အမှတ်(၉၂၄)အစုန် ကုန်သေတ္တာတင်ရထားခရီးစဉ်ပြေးဆွဲ

နေပြည်တော်  မတ်  ၂၀

လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း၏ ပို့ဆောင်ရေးကဏ္ဍတွင် မြန်မာ့မီးရထားသည် ခရီးသည်နှင့် ကုန်ပစ္စည်း များကို ဈေးနှုန်း သက်သာစွာ အရေအတွက်များများသယ်ယူ ပို့ဆောင်ပေးနိုင်သဖြင့် မဖြစ်မနေပြေးဆွဲ ပေးရမည့်  လုပ်ငန်းတစ်ခုပင်ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ချောမွေ့ဖြောင့်တန်းစွာသွားလာနိုင်ရေးမှာ ပြည်သူများ နေ့စဉ်နှင့်အမျှ လူမှုရေး၊ စီးပွားရေး အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အထောက်အကူပြုလျက်ရှိသည်။  သို့ဖြစ်၍  နိုင်ငံတော်နှင့် ပြည်သူတို့အားထား နိုင်သည့် ရထားလုပ်ငန်းတစ်ခုအဖြစ်ရပ်တည်နိုင်ရေး မန္တလေး-နေပြည်တော်-ရွာသာကြီးလမ်းပိုင်း အမှတ် (၉၂၄)အစုန် ကုန်သေတ္တာတင်ရထားနှင့် RBE 25100, 25107 နှစ်စင်းတို့ကို မတ် ၁၇ ရက် နံနက် ၆ နာရီ ၃၅ မိနစ်တွင် မန္တလေးဘူတာကြီးမှ စတင်ပြေးဆွဲခဲ့သည်။

မန္တလေးမှ ထွက်ခွာလာသော အမှတ်(၉၂၄)အစုန် ကုန်သေတ္တာတင်ရထားသည် သာစည်ဘူတာ၌ ကုန်တွဲ ၁၉ တွဲ၊ ဘရိတ်တွဲတစ်တွဲအားချိတ်ဆက်ပြီး  ဆက်လက် ထွက်ခွာလာရာ  နေပြည်တော်သို့  ည  ၉ နာရီခွဲတွင်  ရောက်ရှိ ညအိပ်အခြေပြုခဲ့သည်။ ခရီးစဉ်အတွင်း မိုင်တိုင်(၃၂၀^၁)တွင် မသမာသူအကြမ်းဖက်သမားများက သံလမ်း၏ သံလမ်းဆက နှစ်ခုဖြုတ်ထားခြင်းနှင့် ကွန်ကရစ်ဇလီဖားတုံး ၁၉ တုံး၏ သံလမ်း ထိန်းကလစ် ၃၈ ခုဖြုတ်ထားကြောင်းတွေ့ရှိရသဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာ့မီးရထား ဝန်ထမ်းများ က ပြန်လည်ပြုပြင် တပ်ဆင်ခဲ့ရသည်။  မတ် ၁၈ ရက် နံနက် ၇ နာရီတွင် နေပြည်တော် မှ ဆက်လက်ထွက်ခွာလာရာ ပြွန်တန်ဆာ ဘူတာသို့  ည ၉ နာရီ ၁၅  မိနစ်တွင်  ရောက်ရှိ ညအိပ်အခြေပြု ခဲ့သည်။

ထို့နောက် ယနေ့နံနက် ၇ နာရီတွင် ပြွန်တန်ဆာဘူတာမှထွက်ခွာလာရာ ခရီးဆုံး နေရာဖြစ်သည့်  ရွာသာကြီး ကုန်းတွင်းဆိပ်သို့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ ကြောင်း သိရသည်။

အဆိုပါခရီးစဉ်အတွင်း မသမာသူအကြမ်းဖက်သမားများက ရွှေလှေနှင့် ပဲခူး ဘူတာကြား၌ သံလမ်းထိန်း ကလစ်ခြောက်ခုအား ဖြုတ်ထားကြောင်းတွေ့ရှိရသဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့် မြန်မာ့မီးရထား ဝန်ထမ်းများက ပြန်လည်ပြုပြင်တပ်ဆင်ခဲ့ရသည်။

ထိုကဲ့သို့သော မသမာသူအကြမ်းဖက် သမားများ၏လုပ်ရပ်များနှင့် နှောင့်ယှက် ဖျက်ဆီးမှုများအတွက် မြန်မာ့ မီးရထားမှ သက်ဆိုင်ရာနယ်မြေရဲစခန်း၌ ဥပဒေနှင့် အညီအမှုဖွင့်လှစ်၍ အရေးယူမှုများဆောင် ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)