မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်၏ အသံမစဲ အဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲပြုလုပ်
နေပြည်တော်၊ အောက်တိုဘာ - ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ဆေကဝတီ ဗုဒ္ဓ တက္ကသိုလ်၏ အသံမစဲအဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓတက္ကသိုလ်၌ပြုလုပ်ရာ ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝိနယာလင်္ကာရ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာတော်ထံမှ ရှစ်ပါးသီလနှင့် ဩဝါဒကထာများ နာယူကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ဆေကဝတီဗုဒ္ဓတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာ ဒေါ်ဆေကဝတီထံနေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
အဆိုပါ ဆေကဝတီဗုဒ္ဓတက္ကသိုလ်၏ အသံမစဲအဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော် ပွဲ အောင်ပွဲကို အောက်တိုဘာ ၆ ရက်မှ ယနေ့အထိရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။