မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်
နေပြည်တော် ဇန်နဝါရီ ၁၃
နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသား ၁၆၇ ဦးကို ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှစီစဉ်သည့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြသည်။ထို့ပြင် မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့မြန်မာနိုင်ငံသားများနှင့် အကြောင်းအမျိုးမျိုးကြောင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသားများအား နိုင်ငံသားဖြစ်တည်မှုမှန်ကန်ကြောင်း အထောက်အထားများစိစစ်လျက် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေး လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးအနေဖြင့် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
ယနေ့ထိ မလေးရှားနိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ်ဖြင့် (၄၃)ကြိမ်တိုင် ပျံသန်းပြေးဆွဲပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။