မလေးရှားအစိုးရက ထပ်တိုး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးမည်

မလေးရှားအစိုးရက ထပ်တိုး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးမည်

မလေးရှားအစိုးရက နိုင်ငံအတွင်းရှိ အရွယ်ရောက်ပြီးသူ ၈ဝ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ဆေးများ အပြည့်အဝ ထိုးပေးပြီးပါက   ရောဂါပိုး ကူးစက်လွယ်သော အုပ်စုများကို ထပ်တိုးကာကွယ်ဆေး ထိုးပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စက်တင်ဘာ ၁၉ ရက်အထိ စာရင်းများအရ ကာကွယ်ဆေး အကြိမ်ရေ အပြည့်ထိုးပြီးသူ ၇၈ ဒသမ ၂ ရာခိုင်နှုန်း ရှိသည့်အတွက် ၈ဝ ရာခိုင်နှုန်းမှာ စက်တင်ဘာ ၂ဝ ရက်တွင်ပြည့်နိုင်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ထို့နောက် ကပ်ရောဂါ တိုက်ဖျက်ရေးတွင်  ရှေ့တန်းမှ ဆောင်ရွက်နေသူများ၊ ကိုယ်ခံအားနည်းသူများနှင့် ရောဂါအခံရှိ သည့် သက်ကြီးရွယ်အိုများကို   ထပ်တိုးကာကွယ်ဆေး ထိုးပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အစ္စမေးဆာဘရီယာကွတ်က ပြောသည်။

ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးနောက် အချိန်ကြာလာသည်နှင့်အမျှ ကိုယ်ခံအား ပမာဏ ကျဆင်းသွားသည့်အတွက် ကာကွယ်ဆေး တတိယအကြိမ် ထိုးပေးခြင်းသည် ကိုဗစ်-၁၉ ရောဂါပိုးကူးစက် ခံရနိုင်ခြေ မြင့်မားသူများတွင် ကိုယ်ခံအား ပမာဏကို မြင့်တက်စေနိုင်ကြောင်း  ဝန်ကြီးချုပ်က ဆက်ပြောသည်။

ထို့ပြင် မလေးရှားအစိုးရ အနေဖြင့် နိုင်ငံအတွင်းရှိ ဝင်ငွေနည်း အိမ်ထောင်စုများကို ကိုဗစ်-၁၉ ရောဂါ စောင့်ရှောက်ရေးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်သည်။

ထိုအစီအစဉ်တွင် အကျုံးဝင်သည့်အိမ်ထောင်စုပေါင်း ၃ ဒသမ ၆ သန်းရှိပြီး ၎င်းတို့ကို သွေးတွင်း အောက်ဆီဂျင်နှင့်နှလုံး ခုန်နှုန်းတိုင်း ကိရိယာများ၊ ကိုယ်တိုင်ရောဂါ စစ်ဆေးနိုင်သော ကိရိယာများ၊ ပြန်လည် အသုံးပြုနိုင်သော နှာခေါင်းစည်းများနှင့် အပူချိန်တိုင်း ကိရိယာတစ်ခုစီတို့ကို ပေးအပ်သွားမည်ဖြစ်သည်။ ထိုသို့ပေးအပ်မှုအတွက် အစိုးရကရင်းဂစ် ၄၇၁ ဒသမ ၆ သန်း သုံးစွဲသွားမည်ဖြစ်သည်။

မလေးရှားအစိုးရသည် နိုင်ငံအတွင်းရှိ အရွယ်ရောက်ပြီးသူများ အားလုံး ကာကွယ်ဆေး အပြည့်အဝထိုးပြီးဖြစ်မည့် အောက်တိုဘာလနှောင်းပိုင်းတွင်   နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများကို ပြန်လည်စတင် လုပ်ကိုင်သွားမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် အသက် ၁၈ နှစ်အောက်များကို ကာကွယ်ဆေးထိုးပေးခြင်း    ဆောင်ရွက်သွားမည်ဖြစ်သည်။

မလေးရှားနိုင်ငံ၌  စက်တင်ဘာ  ၁၉ ရက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၄၉၅၄ ဦးသာရှိသည့် အတွက် ဇူလိုင်လ နောက်ပိုင်း နေ့စဉ်ရောဂါဖြစ်ပွားသူ အနည်းဆုံးဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။