မိခင်နှင့် ကလေးများအတွက် မိုးကောင်းရတနာ

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ မေ  ၆ ရက်)

မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံကို ၂ဝ၂၁ ခုနှစ် မေ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်  မိုးကောင်းလမ်းတွင် ဖွင့်လှစ်ခဲ့သည်။   အဆိုပါဆေးရုံကြီး  အောင်မြင်စွာ ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတကာမှ အတွေ့အကြုံရှိသည့် ကျွမ်းကျင်ပညာရှင်ကြီးများ၊ အဖွဲ့အစည်းများနှင့် အကြိမ်ပေါင်းများစွာ တိုင်ပင်ညှိနှိုင်းဆွေးနွေးပြီးမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဆေးရုံတွင် အသုံးပြုသော စက်ပစ္စည်းများမှာလည်း Brand ကောင်းသည့် စက်ပစ္စည်းကိရိယာများနှင့် အနည်းဆုံး ၁ဝ နှစ်ခန့်အထိ ခေတ်မီနေနိုင်မည့် Technology မြင့်သည့် စက်ပစ္စည်းကြီးများကို တပ်ဆင်အသုံးပြုထားခြင်း ဖြစ်ပေသည်။

မိုးကောင်းရတနာ မိခင်နှင့်ကလေး ဆေးရုံသည် မြန်မာနိုင်ငံအတွင်း နိုင်ငံသူနိုင်ငံသားများ အားကိုးအားထားပြုရသည့် နိုင်ငံတကာ အဆင့်မီ နိုင်ငံတကာ အသိအမှတ်ပြု မိခင်နှင့်ကလေး ဆေးရုံကြီးအဖြစ် ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍကို အထောက်အကူပြုပေးနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ မိုးကောင်းရတနာ ဆေးရုံတွင် မိခင်နှင့်ကလေးဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှု အနေဖြင့် ဖန်ပြွန်သန္ဓေသားပြုလုပ်ခြင်း၊ မျိုးရိုးဗီဇများ သိမ်းဆည်းခြင်း၊ မျိုးရိုးလိုက်ရောဂါ ရှာဖွေစစ်ဆေးခြင်း၊ တစ်သက်တာ ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဖွံ့ဖြိုးမှုနောက်ကျသော ကလေးငယ်များအား ပြုစုကုသခြင်း၊ ကလေးအာဟာရ ဆွေးနွေးကုသခြင်း၊ မွေးကင်းစကလေးငယ်များအား အထူးကြပ်မတ် ကုသခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပေသည်။

လာရောက်ကုသမှု ခံယူသည့် မိဘပြည်သူများအတွက် စာတွေ့လက်တွေ့ ကျွမ်းကျင်မှုရှိပြီး အတွေ့အကြုံပြည့်ဝသည့် သူနာပြုနှင့် ပါရဂူဆရာဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များက နောက်ဆုံးပေါ် ခေတ်မီစက်ကိရိယာ များဖြင့် ၂၄ နာရီကာလပတ်လုံး အထူးဂရုပြု စောင့်ရှောက်ပေးမည်ဖြစ်သည်။ ထူးခြားချက်တစ်ခုမှာ ရင်သွေးမရနိုင်သော မိဘများအတွက် မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံကြီးမှ သားဖွားမီးယပ် ပါရဂူများ၊ သူနာပြု ကျွမ်းကျင်များနှင့် သန္ဓေသား ပညာရှင်များက ကူညီဖြေရှင်း ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရခြင်းဖြစ်သည်။

ထို့ပြင် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော လေကို ခံစားရရှိနိုင်သည့် Mini Garden လေးခု၊ ကလေးငယ်များအတွက် Out Door နှင့် In Door ကလေးကစားကွင်းများ၊ ဆေးရုံသုံးပစ္စည်းများ၊ ရေဆိုးများ စနစ်တကျ စွန့်ပစ်ရန်အတွက် (Hospital Waste Treatment) စနစ်တို့ကို ထည့်သွင်း တည်ဆောက်ထားသည်။

ထို့ပြင် အထွေထွေဝန်ဆောင်မှုများ ဖြစ်သည့် ATM ငွေထုတ်စက်၊  Convenience Store ၊  Food Court ၊ Cafe' Teria ဆိုင်ခန်းများလည်း ပါရှိသည်။ မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံ၏ မျှော်မှန်းချက်အနေဖြင့် ''ကျွမ်းကျင်ပညာရှင်များမှ လူနာများကို ၂၄ နာရီပတ်လုံး နိုင်ငံတကာ အဆင့်မီ မိခင်နှင့်ကလေးပြုစု စောင့်ရှောက်ရေး ဝန်ဆောင်မှုများကို စိတ်ချလုံခြုံစွာ အဆင့်မြင့်ဆုံးပေးနိုင်မည့် မိခင်နှင့်ကလေး ဆေးရုံကြီးအဖြစ် စဉ်ဆက်မပြတ် အောင်မြင်စေရန်''ဖြစ်သည်။ ထို့ပြင် မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ လွှဲပြောင်းလူနာများ၊ ကုသမှုလိုအပ်သည့် ကလေးငယ်များကို သင့်လျော်သည့် ဝန်ဆောင်မှုနှုန်းထားဖြင့်  Tertiary Care အဆင့်မြင့်ကုသမှု ပေးနိုင်မည်ဖြစ်သကဲ့သို့  မိခင်နှင့်ကလေး ရောဂါများကို အထူးကုသရာတွင် တစ်နေရာတည်းတွင် ပြည့်စုံလုံလောက်သည့် ကျန်းမာရေး ပေးနိုင်ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံနှင့် မြဝတီမီဒီယာ စင်တာတို့ ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားရာတွင် ''မိမိတို့ပြည်သူလူထုများ အနေဖြင့် ကျန်းမာရေး ဝန်ဆောင်မှု ဆောင်ရွက်ရာတွင် ပြည်ပနိုင်ငံများသို့ သွားရောက်ဆေးကုသ ခံယူမှုဈေးကွက်ကို အစားထိုးနိုင်ရန်ဖြစ်ပြီး ဘာသာစကား ကန့်သတ်ချက်ကို ကျော်လွှားနိုင်ရန်၊ ဆရာဝန်များနှင့် အရေးပေါ်ချိတ်ဆက် ဆွေးနွေးဆောင်ရွက်မှု အခက်အခဲများ မရှိစေရန်၊ ဒေသတွင်း ပြည်သူလူထုများအတွက် နိုင်ငံတကာအဆင့်မီ ဆေးကုသမှု ခံစားရရှိနိုင်စေရန်၊ မိသားစုနှင့် အတူ အိုးမကွာအိမ်မကွာ နွေးထွေးသည့် ကုသခံစားမှုမျိုး ရရှိနိုင်စေရန်၊ ဆေးရုံနှင့်လူနာမမျှတမှုကို ဖြည့်ဆည်းပေးနိုင်စေရန်နှင့် အဆင့်မြင့်ရောဂါ ရှာဖွေကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာနှင့် နည်းပညာ အဆင့်မြင့်မားသည့် ကုသမှုများကို ပြည်သူလူထုအများ ရရှိနိုင်စေရန်ရည်ရွယ်ပြီး နိုင်ငံတကာ အဆင့်မီ မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံကြီးကို တည်ဆောက် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း'' ရှင်းလင်း ပြောကြားခဲ့သည်။

မိမိတို့နိုင်ငံ၊ မိမိတို့မြေပေါ်တွင် ကမ္ဘာ့အဆင့်မီ မိခင်နှင့်ကလေး ဆေးရုံကြီးတစ်ခု အဆင့်မြင့်မြင့် ပေါ်ပေါက်လာခြင်းမှာ နိုင်ငံသားတိုင်း ဂုဏ်ယူဖွယ်ဖြစ်သည်။ ယခင်က ပြည်ပနိုင်ငံများသို့ သွားရောက်ကုသနေခြင်းမှ မိမိနိုင်ငံအတွင်း ကုသနိုင်ပြီဖြစ်သည်။ နောင်မျိုးဆက်သစ်များ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာတော့မည့် အပြင် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါများလာတော့မည် ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။  ။