မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ မေ  ၅ ရက်)

မြန်မာနိုင်ငံတွင် နှစ်စဉ် မေလ ၅ ရက်ကို   မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အဖြစ် သတ်မှတ်ထားရာ ယနေ့သည် (၇၅)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ဖြစ်သည်။ မီးဘေးရှောင်မလောင်ခင်တား ဆောင်ပုဒ်သည် လူတိုင်းအတွက် သတိပြုရမည့် ဆောင်ပုဒ်ဖြစ်သည်။ မည်သည့် ဘေးအန္တရာယ်မဆို မဖြစ်ခင်ကကြိုတင်ကာကွယ်မှသာ ပျက်စီးဆုံးရှုံးမှု နည်းပါးမည်ဖြစ်သည်။ မီးသည် ရန်သူမျိုးငါးပါးတွင် တစ်ပါးပါဝင်သော်လည်း လူသားတို့အတွက် မီးသည်မရှိမဖြစ် အရာဖြစ်သည်။ ထို့ကြောင့် သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူဖြစ်သည်။

မီးသည် နွေမိုးဆောင်း ချိန်ခါမရွေး၊ နေရာမရွေး လောင်တတ်သည့်အတွက် မီးမလောင်ရန် အကောင်းဆုံး နည်းလမ်းမှာ ကြိုတင်ကာကွယ်ခြင်း ဖြစ်သည်။ မီးဖိုနံဘေးတွင် လုံလောက်သော အကာအရံများ ထားရှိပါ။

အိမ်တိုင်းတွင် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများအသင့်ထားရှိပါ။ လျှပ်စစ်မီးကြိုးများ ဆွေးမြည့်ပေါက်ပြဲနေလျှင် ကျွမ်းကျင်သူများနှင့် အမြန်ဆုံးပြင်ဆင်ပါ။ ဂက်စ်မီးဖို အသုံးပြုရာတွင် လေဝင်လေထွက် ကောင်းစေရန်အတွက် ပြတင်းပေါက်များ ဖွင့်ထားပါ။ ဤအချက်များမှာ ခက်ခဲသည့် အချက်များမဟုတ်ပါ။ လူတိုင်းလိုက်နာရန် လွယ်ကူပါသည်။

မီးလောင်ရသည့် အကြောင်းရင်းများတွင် မီးဖိုမီးကြောင့် မီးလောင်မှုဖြစ်ရခြင်းမှာ အိမ်တိုင်းတွင် အသုံးပြုသောမီးဖိုတွင် မီးကြွင်းမီးကျန်ရှိနေခြင်း၊ မီးဖိုမီးကို လိုသည်ထက်ပို၍ သုံးစွဲခြင်း၊ မီးဖိုအသုံးပြုစဉ် အစောင့်မရှိခြင်း၊ ကျေးလက်တောရွာများတွင် ထင်းကျပ်တင်ခြင်း၊ ကျပ်ခိုးများကို မီးစွဲခြင်း၊ ဆီအိုးအပူလွန်ကဲခြင်း၊ မီးဖိုနှင့်ထရံအကာ နီးကပ်နေခြင်း၊ ဓာတ်ဆီ၊ ရေနံဆီနှင့် မီးမွှေးခြင်း၊ မီးလောင်လွယ်သော ပစ္စည်းများ၊ လောင်စာဆီများကို မီးဖိုအနီးထားရှိခြင်း၊ အသက်အရွယ်ကြီးရင့်သူ၊ မသန်စွမ်းသူနှင့် ကလေးသူငယ်များက ချက်ပြုတ် ကြော်လှော်ခြင်း စသည်တို့ကြောင့်ဖြစ်သည်။

မီးဖိုမီးကဲ့သို့ပင် လူသားတို့၏ ပေါ့ဆမှုကြောင့်လည်း ဖြစ်လေ့ရှိသည်။ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မီးကို မငြှိမ်းသတ်ဘဲ လွှင့်ပစ်ခြင်း၊ ဘုရားမီးပူဇော်ပြီး စောင့်မကြည့်ခြင်း၊ လူမရှိဘဲ ဖယောင်းတိုင် မီးခွက်ထွန်းထားခြင်း၊ ဖုန်းဘက်ထရီအားကို တစ်ညလုံးသွင်းထားခြင်း၊ ခြင်ဆေးခွေကို အောက်ခံမပါဘဲအသုံးပြုခြင်း၊ ကလေးသူငယ်များက မီးခြစ်များကို အလွယ်တကူယူဆော့ခြင်း၊ ဈေးဆိုင်ခန်းများ ပိတ်သိမ်းရာတွင် လျှပ်စစ်မီးခလုတ်များ ဖွင့်ထားခဲ့မိခြင်း၊ လျှပ်စစ်ဝိုင်ယာကြိုးများ ပေါက်ပြဲနေခြင်းကို အချိန်မီမပြင်ဘဲ ထားခြင်းတို့သည် လူသားတို့၏ ပေါ့ဆမီးဖြစ်သည်။

အကယ်၍မီးလောင်မှု ဖြစ်ပွားပါက ထွက်မပြေးပါနှင့်၊ ကျိတ်၍မငြှိမ်းပါနှင့်၊ ပတ်ဝန်းကျင်သို့ အကူအညီ တောင်းခံပါ။ မိမိနေအိမ်တွင်ရှိထားသော မီးသတ်ဆေးဘူးကို အသုံးပြုလိုက်ပါ။ နီးစပ်ရာ မီးသတ်တပ်ဖွဲ့စခန်းကို အမြန်ဆုံး အကြောင်းကြားပါ။ လူတိုင်း၊ အိမ်တိုင်းတွင် မိမိတို့နေထိုင်ရာ မြို့နယ်မီးသတ်စခန်း၏ ဖုန်းနံပါတ်များကို နေအိမ်အတွင်း ထင်သာမြင်သာ ရှိသည့်နေရာတွင် ရေးမှတ်ထားရန် မမေ့ပါနှင့်။ သင့်ကိုကူညီနိုင်သူသည် မီးသတ်တပ်ဖွဲ့သာဖြစ်သည်။ မီးသတ်တပ်ဖွဲ့ကိုသာ အချိန်မီ အကြောင်းကြားနိုင်ပါလျှင် အချိန်မီ မီးငြှိမ်းသတ်ခြင်းဖြင့် ပြည်သူလူထု စိတ်ချမ်းသာစေရမည်။ မိမိတို့နေထိုင်သည့် ရပ်ကွက်အတွင်း လမ်းများသည် မီးသတ်ကား အလွယ်တကူ ဝင်ထွက်နိုင်သော လမ်းဖြစ်နေရန်ကိုလည်း ပြည်သူများအနေဖြင့် ကြိုးပမ်းထားသင့်ပါသည်။

မီးလောင်မှု တစ်ခုခုဖြစ်ပွားတိုင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သည် အချိန်နှင့်တစ်ပြေးညီ ရောက်လာပါလိမ့်မည်။ မီးဘေးအန္တရာယ်ကို အိမ်ထောင်စုတစ်စုမှသည် ပြည်သူလူထု တစ်ရပ်လုံး စုပေါင်းကြိုတင်ကာကွယ် ထားသင့်သည်။ မီးလောင်ခြင်းဆိုသည်မှာ အပူနှင့်အလင်း ထွက်ပေါ်လာသည့် ဓာတ်ပြုမှုဖြစ်သည်။ မီးလောင်မှု ဖြစ်ပွားနိုင်သော အခြေခံအချက် သုံးချက်ဖြစ်သည့် လောင်စာ၊ အောက်ဆီဂျင်နှင့် အပူရှိန်တို့အနက်မှ တစ်ခုခုကိုဖယ်ရှားလိုက်လျှင် မီးလောင်မှု ရပ်ဆိုင်းသွားပါမည်။ မီးကိုနိုင်သည်မှာ ရေသာဖြစ်သည်။ အိမ်တိုင်း၊ ရပ်ကွက်တိုင်း၊ နေရာတိုင်းတွင် မီးအန္တရာယ်ကြုံတွေ့ရပါက ရေအဆင်သင့်ရှိနေရန် လိုပါသည်။ ရေမရှိလျှင် မီးငြှိမ်းသတ်ရန် မဖြစ်နိုင်သည့်အတွက် ရေကိုသီးခြား ဆောင်ထားခြင်းဖြင့် မီးလောင်မှုကို ထိန်းချုပ်နိုင်ပါသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ မီးသတ်တပ်ဖွဲ့များ အနေဖြင့် လူအသင့်၊ ယာဉ်အသင့်၊ ရေအသင့်၊ ဆီအသင့်ဟူ၍  သင့်လေးသင့်ဖြင့် နေ့စဉ်အဆင်သင့် ရှိနေပါသည်။ မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် ခေတ်မီမီးငြှိမ်းသတ်နည်းများ၊ အထပ်မြင့်အဆောက်အအုံ တိုက်ခန်းများတွင်  မီးငြှိမ်းသတ်နည်းများနှင့် ယင်းတိုက်ခန်းများတွင် နေထိုင်သူများအား ကယ်တင်ခြင်းတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ထားပြီးဖြစ်သည်။ မီးသတ်တပ်ဖွဲ့များ အနေဖြင့် မီးသတ်စွမ်းရည် အပြည့်အဝရှိအောင် လေ့ကျင့်ဖြည့်ဆည်း ထားသလို ပြည်သူများအနေဖြင့် မီးလောင်မှု မဖြစ်ရေး လိုက်နာရမည့် အချက်များအတိုင်း လိုက်နာသင့်ပါသည်။ အနှစ်ချုပ်ရလျှင် မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်မှုဖြင့် အနိုင်ယူခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။