မုတ်သုံမိုး ကြက်ဆင်ဖဲထီး မိုးကာအင်္ကျီနဲ့ကျွန်မတို့တစ်တွေ

မုတ်သုံမိုး ကြက်ဆင်ဖဲထီး မိုးကာအင်္ကျီနဲ့ကျွန်မတို့တစ်တွေ

မုတ်သုံမိုးဆိုတာ  မိုးရာသီမှာရွာတဲ့ မိုးလို့ပြောတာပါ။  တစ်ခါတလေမှာ မိုးဖွဲဖွဲလေးတွေပဲရွာတတ်လို့ ထီးဆောင်းစရာတောင်မလိုပါ။ ဒါပေမဲ့ မိုးသည်းထန်စွာရွာတယ်ဆိုရင်တော့ ထီးဆောင်းရင်လည်းမလုံပါ။ မိုးကာအင်္ကျီတောင်အနိုင်နိုင်ပဲ ကာကွယ်နိုင်တဲ့သဘောတရားရှိပါတယ်။ ကိုဗစ်-၁၉ရောဂါပိုးကိုတော့ မုတ်သုံမိုးလို့ပဲတင်စားလိုပါတယ်။ ကိုဗစ်-၁၉ ပထမလှိုင်းတုန်းကဆိုရင် ကျွန်မတို့တိုင်းပြည်အလွန်ပင်ကုသိုလ်ကံထူးတယ်လို့ပြောရမှာပါ။ ရောဂါဖြစ်တဲ့သူအလွန့်အလွန်ကိုပဲနည်းပါတယ်။   ဒုတိယလှိုင်းမှာတော့ ရောဂါဖြစ်တဲ့သူပိုများလာတယ်။ အဖိတ်အစဉ်လည်းရှိလာတယ်ပေါ့။ ဒါပေမဲ့ နေရာကျဲကျဲပဲမိုးရွာသေးတာပါ။ အခုတတိယလှိုင်းမှာတော့ မိုးသည်းထန်စွာရွာသွန်းတာဟာ  နေရာစိပ်စိပ်ဖြစ်ရပါတယ်။ 

တစ်နိုင်ငံလုံးပါပဲ။ မိုးသက်လေပြင်းကျတယ်လို့တောင်ပြောလို့ရပါတယ်။ အိမ်တိုင်း ရွာတိုင်းမြို့တိုင်းတော်တော်များများကို ဖြစ်ကြပါတယ်။ အသေအပျောက်လည်းများပါတယ်။ကြက်ဆင်ဖဲထီးဆိုတာ အခုလူငယ် တွေတော့သိမယ်မထင်ပါ။ ကျွန်မတို့ငယ်ငယ်တုန်းက ပြည်သူ့ဆိုင်မှာသွားပြီးဝယ်ရတယ်။ ကြက်ဆင်တံဆိပ်ပေါ့။ လက်ကိုင်ကိုင်းအရှည်နဲ့ထီးလေ။ ယခုခေတ်တော့ ထီးအရှည်လည်းသုံးတယ်။ နှစ်ဆစ်ချိုးသုံးဆစ်ချိုးခေါက်ထီးတွေလည်းသုံးတယ်ပေါ့။ ဘယ်လိုပဲပြောပြော  ထီးရဲ့သဘောကတော့ ကျွန်မတို့ကို မိုးရေစိုတာကနေ ကာကွယ်ပေးတာလေ။ မုတ်သုံမိုးဟာ ကိုဗစ်-၁၉ဆိုရင် ကြက်ဆင်ဖဲထီးက ကိုဗစ်-၁၉ ကာကွယ်ဆေးပေါ့။ ထီးဆောင်းထားရင်  မိုးရွာတာကို အထိုက်အလျောက်  ကာကွယ်ပေးတယ်လေ။ ဒါပေမဲ့ ဘယ်လောက်ပဲထီးကြီးကကြီးတယ် လုံခြုံတယ်ဆိုပေမယ့်  မိုးသည်းထန်စွာရွာပြီဆိုရင်တော့  သူလည်းမတတ်နိုင်ပါဘူး။  

ဒီလိုပါပဲ  ကိုဗစ်-၁၉ကာကွယ်ဆေးဟာလည်း ကျွန်မတို့ကိုကိုဗစ်-၁၉ ရောဂါကနေ တစ်စုံတစ်ခုသောအတိုင်းအတာအထိကာကွယ်နိုင်ပါတယ်။ သုတေသီတို့ရဲ့အဆိုအရပြောရရင် ကိုဗစ်ကာကွယ်ဆေးကို    အပြည့်အဝထိုးထားသူဟာ ကိုဗစ်ရောဂါအပြင်းစား ဖြစ်နှုန်းအလွန်နည်းပါးပါတယ်။  ဒါဆိုရင်    အသေအပျောက်ဖြစ်နှုန်းလည်းလျော့သွားတာပေါ့။ကိုဗစ်-၁၉ပိုးဟာ  မုတ်သုံမိုးကြက်ဆင်ဖဲထီးဟာ ကိုဗစ်-၁၉ကာကွယ်ဆေးဆိုရင် မိုးကာအင်္ကျီကရောဘာများပါလိမ့်။ မိုးကာအင်္ကျီကတော့ ကျွန်မတို့ ရဲ့ခန္ဓာကိုယ်ကထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ပိုးကို တိုက်မယ့်လက်နက်တွေပါ။ ဒီလက်နက်တွေမှာလည်း နှစ်မျိုးနှစ်စား ရှိပါတယ်။ ပထမတစ်ခုကတော့ ကိုယ့်ခန္ဓာ ကိုယ်ထဲကို   ကိုဗစ်-၁၉ပိုး  ဝင်ဖူးမှ တစ်နည်းအားဖြင့်တော့ ကိုယ်တိုင်ကိုဗစ်
ရောဂါဖြစ်ပြီးမှ ဒီရန်သူပေါ်မူတည်ပြီး ထုတ်တဲ့လက်နက်ပါ။ ရန်သူနဲ့တွေ့ဖူးတဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ဒီရန်သူကို ]]ဓား}}နဲ့ခုတ်ရမယ်ထင်တယ် ]]ဓား}}တွေဟာ အသင့်ပြင်ထားရမယ်ထင်တယ်]]သေနတ်}} တွေဟာအသင့်ပြင်ထားတယ်ပေါ့။ နောက် တစ်ခုကတော့ ရန်သူကဘယ်လိုပုံစံမှန်းမသိတော့ ကျွန်မတို့ခန္ဓာကိုယ်က လက်နက်တစ်စုံပြင်ဆင်ထားတာပေါ့ တုတ်ရော၊ ဓားရော သေနတ်ရော မြားရောပေါ့။

ကိုယ့်ခန္ဓာကိုယ်ထဲကို ဒီကိုဗစ်-၁၉ ဆိုတဲ့ရန်သူက တစ်ခါမှမဝင်ဘူးတော့ ဖြစ်နိုင်ခြေရှိတဲ့ရန်သူအားလုံး ဥပမာ-ကိုဗစ်ရောဂါ၊တုပ်ကွေးရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ဆင်တုပ်ကွေးရောဂါ အစရှိတဲ့ရောဂါအားလုံးကို အကြမ်းဖျင်းအားဖြင့် ခြုံငုံမိအောင်ပြင်ဆင်ထားတဲ့လက်နက်ပါ။ဒီလိုမျိုးမုတ်သုံမိုးအန္တရာယ်ကာကွယ်ဖို့အတွက်ကို ကြက်ဆင်ဖဲထီးရော မိုးကာအင်္ကျီရော ဘယ်လိုအရေးပါသလဲဆိုတာကို အခုကိုဗစ်တတိယလှိုင်းမှာတွေ့ကြုံနေရတာကို သင်ခန်းစာယူနိုင်အောင်ပြောပြလိုပါတယ်။

 

ပထမဆုံးပြောချင်တဲ့လူနာကတော့ အသက် ၆၃ နှစ်လောက်ရှိတဲ့ အင်ဂျင်နီယာကြီးတစ်ဦးပဲဖြစ်ပါတယ်။ သူဟာဒုတိယလှိုင်းတုန်းက အတော်လေးဆိုးဝါးတဲ့ ကိုဗစ်ရောဂါဖြစ်ပြီး အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ပါတယ်။   ရှိသမျှလက်နက်တွေ (ရမ်ဒက်ဆီကာ၊   ဒက်ဆာမီသာစုန်း၊ အောက်ဆီလီဇူးမက်၊ ယူနီနာစတက်တင်၊သွေးရည်ကြည်)ကိုသုံး အောက်ဆီဂျင်ဒလဟောရှူပြီး ဘုရားဆင်းကယ်လိုက်တော့ သူဟာအသက်ရှင်သွားပါတယ်။ ပြီးတော့ သူဟာကိုဗစ်ကာကွယ်ဆေးလည်း နှစ်ကြိမ်ထိုးလိုက်ပါတယ်။ ကိုယ်ခံစွမ်းအားကောင်းရင် အစားအသောက်၊ အအိပ်အနေ၊ လေ့ကျင့်ခန်းတွေလည်းဂရုပြုတယ်။နှာခေါင်းစည်းတပ်တာ လက်ဆေးတာတွေလည်းလိုက်နာတယ်ပေါ့။ သူ့မှာဆိုရင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ဆီးကျိတ်ရောဂါ၊ နှလုံးလမ်းကြောင်းအပိုပါတဲ့ရောဂါတွေလည်းရှိတယ်။  အခုတတိယလှိုင်းမှာဆိုရင် သူဟာဘာမှမဖြစ်ဘူး။ သူ့မှာဒုတိယလှိုင်းတုန်းက ရောဂါအပြင်းအထန်ဖြစ်လိုက်တော့ သူ့ခန္ဓာကိုယ်က ကိုဗစ်ကိုရင်းရင်းနှီးနှီးသိသွားပြီဆိုတော့ လက်နက်ကောင်းကောင်းပြင်ထားတာပေါ့။ သူ့ရဲ့မိုးကာအင်္ကျီကအကောင်းစားဖြစ်နေတာပေါ့။ ဒါ့အပြင်ကိုဗစ်ကာကွယ်ဆေးလည်း နှစ်ခါတိတိထိုးထားတာဆိုတော့ ကြက်ဆင်ဖဲထီးဟာလည်း တောင့်တင်းခိုင်မာတဲ့သဘောရှိတာပေါ့။ ဒါကြောင့် သူဟာအခုတတိယလှိုင်းမှာကြံ့ကြံ့ခံနိုင်တယ်လို့ပြောလိုပါတယ်။

နောက်ထပ်သမားတော်ကြီးတစ်ဦးအကြောင်းပြောပြရဦးမယ်။ သူကအသက် ၅၀ ကျော်ကျော်ပေါ့။ ရောဂါအခံကတော့ပန်းနာရင်ကျပ်ပေါ့။ သူကလည်း ကိုဗစ်ဒုတိယလှိုင်းတုန်းက အတော်လေးခံစားခဲ့ရပါတယ်။ သူအဲဒီတုန်းက ဖျားတယ်၊ ဝမ်းပျက်တယ်၊    ကိုယ်လက်ကိုက်ခဲတယ်၊ချောင်းနည်းနည်းဆိုးတယ်ပေါ့။ အဆိုးဆုံးကတော့ မတ်တတ်ရပ်နေတုန်း တက်ပြီးသတိခဏမေ့သွားတာလေ။ သူ့မှာ အတက်ရောဂါအခံမှမရှိတော့ သူ့ကိုလည်း ရမ်ဒက်ဆီကာ၊ ဒက်ဆာမီသာစုန်းနဲ့ သွေးရည်ကြည်ကုထုံးတွေနဲ့ကုသခဲ့ရပါတယ်။ ပြီးတော့သူဟာလည်း ကိုဗစ်ကာကွယ်ဆေးကိုနှစ်ကြိမ်တိတိထိုးထားတယ်။ ပထမဥပမာပေးတဲ့လူနာလိုပါပဲ။ ဒီသမားတော်ကြီးဟာ အခုတတိယလှိုင်းမှာဘာမှမဖြစ်ပါဘူး။ 

ကိုဗစ်အတွက် ကိုယ်တိုင်ထုတ်တဲ့လက်နက်ရော၊ ကာကွယ်ဆေးရဲ့အစွမ်းရောပဲလို့ပြောရမှာပေါ့။နောက်ထပ်ဥပမာကလည်း သမားတော်လေးတစ်ဦးအကြောင်းပါပဲ။ သမားတော်တွေဟာ ကိုဗစ်စစ်ပွဲမှာဆင်နွှဲနေရတဲ့ ရှေ့တန်းရောက်တပ်မတော်သားတွေနဲ့အလားသဏ္ဌာန်တူပါတယ်။ အဲဒါကြောင့်လည်း ရောဂါကူးစက်မှုဒဏ်သင့်ကြရတာပေါ့။ ဒီသမားတော်လေးကတော့ အသက် ၃၅ နှစ်ဝန်းကျင်ပေါ့။ ဒုတိယလှိုင်းတုန်းကဖျားနာတာ၊ ကိုက်ခဲတာ၊ လည်ပင်းနာတာ၊ ချောင်းဆိုးတာတွေဖြစ်တယ်လေ။ သူဖြစ်တာ ကိုဗစ်အပြင်းစားမဟုတ်တော့ ရမ်ဒက်ဆီကာမပေးဖြစ်ပါ။အားဆေး၊ အကိုက်အခဲပျောက်ဆေးနဲ့ပဲပြန်ကောင်းသွားတာပါ့။ သူလည်းကာကွယ်ဆေးနှစ်ကြိမ်ပြည့်အောင်ထိုးထားပါတယ်။
အခုတတိယလှိုင်းမှာ သူလည်းကိုဗစ်ထပ်ပြီးဖြစ်ပါတယ်။ သူခံစားရတာက ငွေ့ငွေ့လေးပဲဖျားပြီး နည်းနည်းပါးပါးပဲကိုက်ခဲတာဖြစ်တယ်လေ။ လည်ပင်းလည်းမနာဘူး။ချောင်းဆိုးတာလည်းမရှိသလောက်ပဲ။ ဒီသမားတော်လေးမှာလည်း ဒုတိယလှိုင်းကြောင့် ကိုယ်တိုင်ထုတ်တဲ့လက်နက်တွေ၊ကိုဗစ်ကာကွယ်ဆေးကြောင့်ရော  အခုတတိယလှိုင်းမှာ အပျော့စားကိုဗစ်ဖြစ်တယ်လို့ သုံးသပ်လို့ရပါတယ်။
နောက်ဆုံးဥပမာတစ်ခုကတော့ သမားတော်ကြီးတစ်ဦးပါပဲ။ သူ့အသက်ကတော့၄၆ နှစ်လောက်ရှိပါပြီ။ သူကတော့ ပထမလှိုင်းရော ဒုတိယလှိုင်းရောမှာဘာမှမဖြစ်ခဲ့ပါ။ သူကကိုဗစ်ကာကွယ်ဆေးကို နှစ်ကြိမ်တိတိထိုးပြီး ကာကွယ်ဆေးအောင်၊ မအောင်စစ်တော့ မအောင်လို့နောက်တစ်ခါထပ်ထိုးထားပါတယ်။ အဲတော့ ကိုဗစ်ကာကွယ်ဆေးသုံးခါထိုးထားတာဖြစ်သွားတာပေါ့။ ဒီသမားတော်ကြီးလည်း နှာခေါင်းစည်းတပ်တာ မျက်နှာဖုံးတပ်တာတွေ အကုန်လုံးတိတိကျကျလိုက်နာပါတယ်။ သူ့အိမ်မှာလည်းသားသမီးတွေ မိဘတွေရှိတော့ သူတို့ကိုလည်းကူးမှာစိုးလို့  ကာကွယ်မှုတွေကို အလေးထားပြီးလုပ်ပါတယ်။ သူဟာကိုဗစ်ဆေးအကာအကွယ်ပေးအဖွဲ့ကိုလိုက်ပို့တဲ့အခါ စီးရတဲ့ကားကအလုံပိတ်ဆိုတော့ကိုဗစ်ပိုးကူးစက်ခံလိုက်ရပါတယ်။ ဒါပေမဲ့ကာကွယ်ဆေးဆိုတဲ့  ကြက်ဆင်ဖဲထီးက ထူထူထဲထဲရှိတာကတစ်ကြောင်း၊ သူကိုယ်တိုင်နှာခေါင်းစည်း အစရှိတဲ့ကာကွယ်မှုတွေကိုလိုက်နာတာကတစ်ကြောင်း ကိုဗစ်ဖြစ်ပေမယ့်အနေအစားမပျက်ပါ။ ပေါ့ပေါ့ပါးပါးကိုဗစ်ပဲဖြစ်တာပါ။ဒီလိုဆိုရင် ကျွန်မတို့အားလုံးဟာ မုတ်သုံမိုးကိုဘယ်လိုမှတားဆီးလို့မရမှန်းသိကြတာပဲလေ။ ဒါပေမဲ့ ဒီမုတ်သုံမိုးကိုကာကွယ်ဖို့ကိုဗစ်ရောဂါဆိုးဆိုးဝါးဝါးမဖြစ်ဖို့ ကြက်ဆင်ဖဲထီးဆိုတဲ့ကိုဗစ်ကာကွယ်ဆေးကို အပြေးအလွှားသွားထိုးရမယ်မဟုတ်ပါလား။ 

မိုးကာအင်္ကျီဆိုတဲ့ကျွန်မတို့ခန္ဓာကိုယ်က  ကိုယ်တိုင်ထုတ်တဲ့လက်နက်တွေထုတ်နိုင်စွမ်းအားကောင်းအောင်လည်းအစားအသောက်အနေအထိုင်ဆင်ခြင်ရမယ်မဟုတ်ပါလား။ နှာခေါင်းစည်းတပ်
တာတို့ လက်ဆေးတာတို့တွေလည်း အမြဲတစေလုပ်ဆောင်နေမယ်မဟုတ်ပါလား။ကျွန်မတို့အားလုံး ကိုဗစ်ရောဂါဆိုးဆိုးဝါးဝါးဖြစ်ခြင်း၊ အဖိတ်အစဉ်ဖြစ်ခြင်းမှကင်းဝေးပါစေရန်ရည်ရွယ်ပြီး ဒီဆောင်းပါးကို လက်တွေ့ဖြစ်ရပ်များဖြင့် သက်သေပြပြီးရေးပါသည်။  ။