မုဒုံ၊ လူမှုရေး
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း ဒေသခံ ပြည်သူများ ဆေးဝါးနှင့်စားသောက်ကုန် ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေ စေရန်နှင့် ကိုဗစ်-၁၉ ကာလ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုများမရှိစေရေးသြဂုတ် ၁၇ ရက် နံနက်ပိုင်းက မုဒုံမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေး သည်။
ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင် ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ကျန်းမာရေးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မုဒုံမြို့ပေါ်ရှိ ဆေးဝါးပစ္စည်း အရောင်းဆိုင်များနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို သွားရောက်ကာ ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများရောင်းချရာ၌ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ၊ မရှိနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ရောင်းချခြင်း ရှိ၊ မရှိတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဆေးဆိုင်လုပ်ငန်းရှင်များနှင့် စားသောက်ကုန်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများဝယ်ယူရာတွင် အခက်အခဲမဖြစ်စေရေးအတွက် သတ်မှတ် ကာလပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများ နှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)