မုန်း၍မဟူ

ယမန်နေ့မှအဆက်

ကိုနေဦးမှာ တပ်မတော်နှင့်အထက်သို့ ပါသွားကြောင်း သာသိကြရကာ ဘယ်ရောက်နေမှန်း မသိရပေ။ အိမ်ရှေ့ခန်း၌ လူဝင်လာသံကြား၍ ကြီးတော်သက် ထွက်ကြည့်ပြီး ''ဘိုးမြိုင်၊ မင်းနှယ်ကွယ် ပျောက်ချက်သား ကောင်းလိုက်တာ၊ ပြန်လာသေးသကိုး''ဟု အံ့သြစွာ အော်ပြောလိုက်လေသည်။

ဝေသည် နေရာမှရုတ်တရက်ထလိုက်ကာ ''ဦးလေးဘိုးမြိုင်'' ဟုတလျက် အပြင်ခန်းသို့ ထွက်လာလေသည်။

ဝေ့ကိုမြင်သော ဦးလေးဘိုးမြိုင်မှာ မျက်လုံးကြီးပြူးသွားလျက် မျက်စိမျက်နှာပျက်ပျက်ဖြင့် ''ဟင်....ဝေဝေ...ကလေးဘာဖြစ်နေသလဲ'' ဟုတုန်တုန်ယင်ယင်လှမ်းမေးနေသည်။ ဝေသည် ဦးလေးဘိုးမြိုင်နားသို့ ကပ်သွားသည်။ ဝေ့ပခုံးလေးကို ဆီး၍ကိုင်လိုက်ရာ ဝေမှာ မချုပ်တည်းနိုင်ဘဲ မျက်ရည်များ ဝဲလာလေသည်။

''ထိုင်စမ်းဟယ်..ထိုင်စမ်း၊ ကလေးအိမ်ထောင်ကျတယ် ဆိုတာ ဦးလေးပြန်ရောက်မှ သိရတယ်။ အစ်ကိုဆုံးပြီးမှ တောင်တွင်းကြီးလာတဲ့ မိတ်ဆွေတစ်ယောက်က အစ်ကိုဆုံးတာပြောလို့ ပုပ္ပားသွားခါနီး သိရတယ်။ ဦးလေးလည်း သွားချင်ရာသွားနေလိုက်တာ နှံ့နေတာပဲ၊ တိုင်းပြည်ပျက်ခါနီးမှ ပြန်လာရတယ်။ ဦးလေးကျိုက်ပိရောက်တာ အင်္ဂလိပ် မပြေးခင် ကလေးပဲ''

ဝေ့ကို ကုလားထိုင်၌ အထိုင်ခိုင်းကာ စကားဆုံးမှ ဝေနှင့်မျက်နှာချင်းဆိုင် ကုလားထိုင်တွင် သွားထိုင်သည်။

ဦးလေးဘိုးမြိုင်မှာ ဝေ၏ အချစ်ဆုံး ဦးလေးဝမ်းကွဲဖြစ်သည်။ ဦးစောဟန်နှင့်အသက်ချင်း မတိမ်းမယိမ်းပင်ရှိမည်။ ဝေအိမ်ထောင်မကျမီက တောင်တွင်းကြီးက ဆေးဆရာတစ်ယောက်နှင့် အထက်သို့ လိုက်သွားရာ သတင်းမကြားရဘဲ မြုပ်နေလေ၏။ သားမယားမရှိ၊ တစ်ကိုယ်တည်း အစ်မနှင့်နေကာ အထက်မသွားခင် ကျိုက်ပိတွင် ဆေးဆရာလုပ်နေလေသည်။

''ဦးလေးတို့များ နေနိုင်လိုက်တာ...''ဟုဝေက ငိုသံလေးဖြင့် အပြစ်တင်နေလေသည်။

''ဆရာသွားရာလိုက်ပြီး ဆေးပညာသင်နေလို့ ကြာနေတာပါ။ ကဲ ကလေးအဖြစ်ကို ဦးလေးပြောစမ်းပါဦး၊ ကတဲ လူရုပ်တောင် မပေါ်တော့ပါကလား၊ ဘာရောဂါတုံး ကလေးရယ်''

''ဘာရောဂါရမလဲ၊ မောင်ဘိုးသိန်းရောဂါမျိုးပေါ့ကွယ်၊ ချောင်းဆိုးသွေးပါလေ၊ ခုတော့ ဆေးထိုးနေရတယ်''

ကြီးတော်သက်က ပြောပြီး စကားဖြတ်ချင်၍ ''သန်းသန်းလည်းမျက်နှာမြင်နေတယ်။ မောင်နေဦးလည်းမရှိဘူး၊ တပ်မတော်နဲ့ပါသွားတာ ပြန်မလာသေးဘူး၊ မိန်းကလေးကွဲ့၊ ချစ်စရာလေး''ဟု ဆက်ပြောလိုက်သည်။

''သြော်...သြော်''ဟုဆိုကာ ဝေ့ကို ''ဆေးထိုးတော့သက်သာရဲ့လား''ဟုမေးပြန်သည်။ ဦးဘိုးမြိုင်မှာ ဝေ့ဝေဒနာကို ဆေးဆရာမျက်စိဖြင့်ဝေဖန်ကာ စစ်ဆေးလိုပေသည်။ ဝေမှာ မည်သူကမေးမေး သက်သာပါတယ်ဟုချည်း ပြောခဲ့သူဖြစ်သည်။ သည်မေးခွန်းမျိုးကို ဖြေနေကျအတိုင်း မဖြေ။

''ဦးလေးရယ်...မသက်သာပါဘူး။ ဒီရောဂါက မသေမချင်းထိုးနေရမှာပါ''ဟု တုန်ယင်သော အသံလေးဖြင့် ရင်ထဲရှိတာ ဖွင့်အန်ညည်းပြောလိုက်သည်။

ဒေါ်သက်မှာမျက်နှာကြီးပျက်သွားကာ ဝေ့အားလှမ်းကြည့်လျက် ရင်ထဲနောက်သွား၏။

''မဟုတ်တာကွယ်၊ မသက်သာရင်မထိုးနဲ့လေ။ ကလေးတို့က တယ်ခေတ်ဆန်ကြတာကိုး၊ တစ်ဆိတ်ရှိ ဆေးထိုးချင်တာပဲ။ ဦးလေးသာကုရင် ဒီရောဂါဆေးတောင်မတိုက်ဘူး။ ဓာတ်စာကျွေးကုတာနဲ့ ပျောက်တယ်။ ဘယ့်နှယ်လဲ...ဦးလေးကုပေးမယ်၊ ဦးလေးကအပ်နဲ့မကုဘူး။ ဓာတ်နဲ့ကုမှာ''

ဝေမှာ မိမိအသက်ကို ဦးလေးဦးဘိုးမြိုင် လက်ထဲသာ ပုံအပ်လိုက်ချင်သည်။ နေ့စဉ်နှင့်အမျှ ဆေးချည်းထိုးနေရကာ လူမှာတစ်နေ့ထက်တစ်နေ့ ပိန်ချုံးလျက် တစ်နေ့ထက်တစ်နေ့ အားနည်းလာခြင်းကို ကိုယ့်ဟာကိုယ် အသိဆုံးဖြစ်၍ အပြောင်းအလဲ ကုကြည့်ချင်သည့် စိတ်ကလေးဖြစ်ပေါ်လာမိသည်။ ဖခင်ရှိစဉ်က ဦးလေး

ဘိုးမြိုင် သွေးပါဖူးရာ ဆေးမထိုးဘဲ ဓာတ်စာများများ စားပြီးပျောက်သွားခြင်းကို ကိုယ်တွေ့မျက်မြင်ဖြစ်ခဲ့သည်။

ဦးလေးဘိုးမြိုင်မှာ ဓာတ်ဆရာဖြစ်သည်။ တောင်တွင်းကြီးက ပြန်လာမှ လေးလုံးခြောက်ဖက်ကြီး ဖြစ်လာသော ကိုယ်ခန္ဓာကြီးမှာ ကျန်းမာရေးပြည့်စုံလျက် အားရစရာကောင်းနေ၏။ အသက်သာ အသေခံလျှင် ခံရမည်။

ဦးလေးဘိုးမြိုင်နှင့်ကုဖို့ရာ မဖြစ်နိုင်သော အခြေအနေကို တွေးကာ စိတ်ထဲနာကျင် ပြင်းပြသွားလေ၏။

''ဘယ့်နှယ်လဲ...ကုမလား၊ ကုပါကလေးရယ်၊ ဦးလေးတာဝန်ယူပါတယ်''

ဒေါ်သက်မှာ မျက်မှောင်ကြုတ်လျက်မျက်လုံးမှာ ငေးငိုင်နေသည်။ ဦးလေးဘိုးမြိုင်မှာ စိတ်ပျက်လက်ပျက်ဖြင့် တွေမှိုင်နေသောဝေ့ကို အားမလိုအားမရဖြင့် ''ကလေး...ဆေးထိုးတာဖြတ်လိုက်တော့၊ ဦးလေးလည်း ရွာမပြန်ဘူး၊ ကလေးမပျောက်မချင်း မပြန်ဘူးလေ၊ ကလေးကိုကုပြီးမှ ရွာပြန်မယ်၊ ဘယ့်နှယ်လဲ''ဟု တွင်တွင်သာပြောနေ၏။

ဝေသည် ဦးလေးဘိုးမြိုင်ကိုမကြည့်ဘဲ ခေါင်းကို ယမ်းကာ''မဖြစ်ပါဘူးဦးလေးရယ်၊ ဝေ့ကံနဲ့ဝေရှိပါစေတော့''ဟု ဆိုလျက် နေရာမှထသွားလေသည်။ ဦးလေးဘိုးမြိုင်၏ မျက်ဝန်းမှာ  အဆမတန် ကျယ်သွားလျက် နားမလည်သည့်အတိုင်း ဝေထသွားခြင်းကို တမ်းတမ်းစွဲ လိုက်ကြည့်နေစဉ်ဒေါ်သက်မှာ ဦးဘိုးမြိုင် အနားကပ်သွားကာ လက်တို့လျက် လေသံဖြင့် တိုးတိုး တိုးတိုးပြောနေလေသည်။

''သန်းသန်း၊ ဝေပြန်မယ်နော်၊ အစ်ကိုကြီးရောက်ရင် မယ်အေးကို ပြောလိုက်နော်၊ မေမေ့ဆီက စာလည်းမရဘူး၊ မေမေနေကောင်းရဲ့လားမသိဘူး၊ မမထားတို့သတင်းလည်း ဘာမှမကြားရဘူး''

ဝေသည်သန်းသန်းအား နှုတ်ဆက်ပြီး စကားရပ်ပြောနေ၏။ သန်းသန်းမှာဝေ၏ အားနည်းသော အသံကလေးကို ဂရုထားမိလျက်စိတ်ထဲလေးလံကာ ဝေ့ကိုစိုက်ကြည့်နေလေသည်။

''လမ်းတွေက အဆက်ပြတ်သွားတော့ ဘယ်လာဦးမလဲ ဝေဝေ၊ နောက်တော့ လာမှာပေါ့၊ ပူမနေပါနဲ့။

ကိုနေဦးလည်းပြန်လာမှာပဲ၊ လာတော့ပြောလိုက်မယ်၊ ပြန်...ပြန်''

ဝေသည် သန်းသန်းနားမှ လှည့်ထွက်လာခဲ့သည်။

ဧည့်ခန်းတွင်ခေါင်းချင်းဆိုင်လျက် တီးတိုးပြောနေကြသော ဦးလေးဘိုးမြိုင်နှင့် ဒေါ်သက်တို့သည် စကားပြောရပ်လိုက်ကြကာ ကိုယ်ရှိန်သတ်လျက် ဝေ့ကို လှမ်းကြည့် လိုက်ကြသည်။     

ဆက်လက်ဖော်ပြပါမည်။