မောက်မယ်၊ စိုက်ပျိုးစီးပွား
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေး ခရိုင် မောက်မယ်မြို့နယ်၌ ရှောက်ချိုသီးများ စတင်ထွက်ရှိချိန် ဈေးကောင်းရရှိသဖြင့် စိုက်ပျိုး သူများ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း ရှောက်ချိုသီးစိုက်ပျိုးသူများ၏ပြောဆိုချက်အရ သိရသည်။
ရှောက်ချိုသီးများကို တောင်ကြီးဈေးကွက်သို့ ကားကြီး၊ ကားငယ်များဖြင့် လိုက်လံရောင်းချခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိကာ တစ်ဆင့် ပြန်လည်ရောင်းချသူများအနေဖြင့်လည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဈေးကွက်အတွင်း ရှောက်ချိုသီးအကြီးတစ်လုံးလျှင် ငွေကျပ် ၄၀၀၊ အလတ်တစ်လုံးလျှင် ငွေကျပ် ၃၅၀ နှင့် အသေးတစ်လုံးလျှင် ငွေကျပ် ၃၀၀ ဖြင့် ရောင်းချလျက်ရှိ သည်။
ရှောက်ချိုသီးကို မောက်မယ်မြို့နယ်၏ တောင်ဘက် ခြောက်မိုင်ကျော်အကွာရှိနမ့်လွတ်ကျေးရွာအုပ်စု ဖာဟင်ကျေးရွာ၊ ကွန်ခံ ကျေးရွာ၊ ဝမ်နားကျေးရွာနှင့် ကဒူးလေးကျေးရွာတို့၌ အများဆုံးစိုက်ပျိုးကြသည်။
ရှောက်ချိုသီးတွင် ဗီတာမင်အေ၊ ဘီ၊ စီနှင့် ကယ်လ်စီယမ်ဓာတ်များစွာပါဝင်ပြီး အေး၍ချိုမြသောအရသာနှင့် အချဉ်ဓာတ်၊ အခါးဓာတ်အနည်းငယ်သာပါရှိသဖြင့် ကျန်းမာရေးနှင့်ညီညွတ်ကာ ဆေးဖက်ဝင်သည့်သီးနှံဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)