မော်စကိုမြို့တော်ဝန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးသူများကို အပတ်စဉ်ကားတစ်စီးမဲဖောက်ပေးမည်

ရုရှား၊ ကျန်းမာရေး

မော်စကိုမြို့တော်ဝန်က မြို့အတွင်းနေထိုင်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ လာရောက်ထိုးနှံနိုင်စေရန် မက်လုံး ပေးသည့်အနေဖြင့်   ကာကွယ်ဆေးထိုးသူများကို အပတ်စဉ်ကားတစ်စီး မဲဖောက်ပေးမည်ဟု ဇွန် ၁၃ ရက်တွင် ပြောသည်။

မဲဖောက်ပေးမည့်ကား ငါးစီး၏ တန်ဖိုးမှာ ရူဘယ် ၁ သန်းရှိကြောင်းနှင့် ကားတစ်စီးစီကို အပတ်စဉ်မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း မြို့တော်ဝန် ဆာဂျီဆိုဗျာနင်က ပြောသည်။

မော်စကိုမြို့အတွင်းရှိဒေသခံများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးရန်လိုကြောင်း၊ ကာကွယ်ဆေးထိုးမှု ခံယူ သူများလာစေရန် ယခုအစီအစဉ်ကိုဖော်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ဇွန် ၄ ရက်မှ ဇူလိုင် ၁၁ ရက်အတွင်း ကာကွယ်ဆေး ပထမတစ်လုံးထိုးသည့် အသက် ၁၈ နှစ်အထက်ရှိသူ မည်သူမဆို ကံစမ်းမဲစာရင်းတွင် အလိုအလျောက်ဝင်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ရုရှားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပြည်တွင်း၌အသုံးပြုခွင့်ပေးသည့် ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်ပြီး လက်ရှိတွင် ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေသည်။ ထိုသို့ရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်ရေးအတွက် ကာကွယ်ဆေးထိုးမှုကို တိုးမြှင့်နိုင်ရန်  တာဝန်ရှိသူများက နည်းလမ်းအမျိုးမျိုးဖြင့် ကြံဆလာခြင်းဖြစ်ကြောင်း သိရသည်။

Ref: Sputnik