နေပြည်တော်၊ ဧပြီ - ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခေါင်းဆေးကျွန်းတွင် တည်ထားကိုးကွယ်လျက်ရှိ သော သမိုင်းဝင်ဆံတော်ရှင်သစ္စာမဏ္ဍိုင်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့် တင်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်း တွင် အဆိုပါစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ အလှူတော်မင်္ဂလာအခမ်းအနားသို့ ခေါင်းဆေးကျွန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ အမှူးပြုသော သံဃာတော် များ၊ သာသနာ့နွယ်ဝင်သီလရှင်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး မွန်ပြည်နယ်၊ စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ တက်ရောက် ကြည်ညိုကြသည်။
ဦးစွာ သံဃာတော်များက ဦးဆောင်၍ စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော် မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတောင်ဘုံအဆင့်ဆင့်အား ပင့် ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်သုံးပတ်လှည့်လည်ပူဇော်ကြည်ညိုခဲ့ ကြပြီး မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်ကာ သံဃာတော်များ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ က စေတီတော်အထွဋ်သို့ တင်လှူပူဇော်၍ အမွှေးနံ့သာများ ပက်ဖျန်းကာ ဇယန္တောဗောဓိ ယာမူလေအစချီအောင်ဂါထာတော်များကို ရွတ်ဖတ်ပူဇော်ကြသည်။
ထို့နောက် ရွှေထီးတော် တင်လှူပူဇော်ပွဲအောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့သည်။ ဆက်လက်၍ မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ဘုရားကြီးကျောင်းတိုက်အတွင်းရှိ ပုဂံဆောင်ဘုံပြဿဒ်၌ ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲကို ဆက်လက်ကျင်းပရာ ကျိုက်မရောမြို့၊ ဘုရားကြီးကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝါရိန္ဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များ ၊ ဒေသခံပြည်သူ များ တက်ရောက်ကြသည်။
ထို့နောက် ဘုရားကြီးကျောင်းတိုက်ဆရာတော်၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီး တော်ဘုံအဆင့်ဆင့်တို့အား မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်၍ စေတီတော်အထွဋ်သို့ တင်လှူပူဇော်ကာ အမွှေးနံ့သာများ ပက်ဖျန်းပြီး ဇယမင်္ဂလာအောင်ဂါထာတော်များ ရွတ်ဖတ်ပူဇော်ကြပြီး ရွှေထီးတော်တင်လှူပူဇော်ပွဲအောင်မြင်ခြင်းအထိမ်းအမှတ် အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြောင်း သတင်းရရှိသည်။