မျိုးရိုးဗီဇကွဲ COVID-19 ရောဂါပိုးများ တွေ့ရှိမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၅-၆-၂ဝ၂၁)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာအထူးသဖြင့် မျိုးရိုးဗီဇကွဲ  COVID-19 ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ အားလည်း အားဖြည့်ဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက် ရှိရာတွင် (၃-၆-၂ဝ၂၁)ရက်နေ့တွင်  ကာကွယ်ရေးဝန်ကြီးဌာန၊  Defence  Service Medical Research Center မှစစ်ဆေးသည့် ဓာတ်ခွဲစစ်ဆေးချက် အဖြေအရ COVID-19 မျိုးရိုးဗီဇပြောင်းလဲသောပိုး တွေ့ရှိသူ(၁၁)ဦးရှိကြောင်း တွေ့ရှိရပြီး  ကလေးမြို့တွင်(၁)ဦး၊  မြိတ်မြို့တွင်(၃)ဦး၊ မန္တလေးမြို့တွင်(၄)ဦး၊ တမူးမြို့တွင်(၂)ဦး၊  ရန်ကုန်မြို့တွင် ပြည်ပပြန်(၁)ဦး တွေ့ရှိကြောင်း သတင်းရရှိသည်။

စစ်ဆေးချက်များအရ မျိုးရိုးဗီဇပြောင်းလဲသည့်  Strain တွေ့ရှိမှုအနေဖြင့် Variants of Concern ဖြစ်သည့် Alpha (၂)ဦး၊ Delta (၅)ဦး၊ Variantsof Interest ဖြစ်သည့် Kappa (၄)ဦးဖြစ်ကြောင်း တွေ့ရှိရပြီး အဆိုပါပိုးများအား အဓိက မူလတွေ့ရှိသည့် နိုင်ငံများမှာ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အိုင်ယာလန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် တွေ့ရှိရကြောင်း သိရှိရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ထုတ်ပြန်ချက်များအရ Variants of Concern ဖြစ်သည့် Alpha နှင့် Delta  တို့သည် ရောဂါပိုး ကူးစက်နိုင်မှုနှင့်  ထပ်မံကူးစက် ပျံ့နှံ့နိုင်မှုပိုမိုမြင့်မားကြောင်း တွေ့ရှိရပြီး ရောဂါပြင်းထန်မှု အနေဖြင့် ဆေးရုံတက်ရောက်နိုင်ခြေနှင့် သေဆုံးနိုင်ခြေ မြင့်တက်နိုင်မှု ရှိကြောင်း သုံးသပ်ထားသည်။ထို့အပြင် COVID-19 ကာကွယ်ဆေးများ အပေါ်တွင် တုံ့ပြန်မှုနှင့် ပတ်သက်၍   အချို့သော ကာကွယ်ဆေးများ၏ အကျိုးအာနိသင် အားအနည်းငယ် လျော့နည်းနိုင်ကြောင်း သတင်းရရှိသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် မိမိကိုယ်တိုင်၊ မိမိ မိသားစုနှင့် ပတ်ဝန်းကျင်အား COVID-19 ရောဂါကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး အမိန့်ကြေညာချက်များ၊ ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်များအတိုင်း  တိကျစွာ လိုက်နာ ဆောင်ရွက်သွားရန် အထူး အရေးကြီးကြောင်း တိုက်တွန်းအပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန