မြင်းမူမြို့နယ်ရှိ ရွှေရတုတိပိဋကစက္ခုပါလ ဆေးရုံတော်ကြီးအား ပြန်လည်ဖွင့်လှစ်

 

မြင်းမူ၊ လူမှုရေး

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်တွင်ရှိသည့် ရွှေရတုတိပိဋကစက္ခုပါလ ဆေးရုံတော်ကြီးကို ပြန်လည်ဖွင့်လှစ် ကုသပေးနေပြီဖြစ်ကြောင်း ရွှေရတုတိပိဋကစက္ခု ပါလဆေးရုံတော်ကြီးဥက္ကဋ္ဌ ဦးကျော်မြင့် ထံမှ သိရသည်။

ရွှေရတုတိပိဋကစက္ခုပါလ ဆေးရုံတော်ကြီးကို ၂၀၂၀  ပြည့်နှစ်  သြဂုတ်လမှ စတင်ကာ လေးလကြာ ပိတ်ထားခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

“အနယ်နယ်အရပ်ရပ်ကနေလာပြီး မျက်စိကုသသူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာစတဲ့ ကျန်းမာရေးထောက်ခံ ချက်တွေပါရမှာဖြစ်ပါတယ်။ COVID-19 ရောဂါနဲ့ဆိုတော့ အရင်လို အများအပြား ကုသပေးလို့မဖြစ်နိုင်ဘူး။  တစ်ရက်ကို လူနာ ၁၅၀ လောက်ပဲ ကုသပေးနိုင်မှာပါ။ အရေးကြီးလူနာနဲ့ခွဲ စိတ်ရမယ့်လူနာတွေကိုပဲ ကုသပေးသွားမှာပါ။ ဆရာဝန်ကလည်း လက်ရှိမှာ နှစ်ယောက်ပဲရှိသေးတာပါ။ နီပေါက ဆရာဝန်တွေကလည်း မလာနိုင်သေးဘူးလေ။ မနေ့ကဆိုရင် လူ ၁၅၀ ဦးကို ကုသပေးနိုင်ခဲ့ ပါတယ်” ဟု ရွှေရတု တိပိဋကစက္ခုပါလဆေးရုံတော်ကြီးဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောသည်။

ကုသဖို့ဆက်သွယ်စာရင်းပေးလာသည့် အရေးကြီးလူနာများကို မြို့နယ်အသီးသီး တွင်ရှိသည့် ဆေးရုံအကျိုးတော်ဆောင်အဖွဲ့ ဝင်များက မော်တော်ယာဉ်ဖြင့်အသွားအပြန် ပို့ဆောင်ပေးမည်ဖြစ်ပြီး ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင်အချိန်က ဆေးရုံကို လာရောက်ကုသသူဦးရေ ၇၀၀ နဲ့ ၁၀၀၀ ကြားရှိပြီး ယခုလက်ရှိ ပြန်လည်ဖွင့်လှစ်သည့်အခါတွင် တစ်ရက်လျှင် လူနာဦးရေ ၁၅၀ ခန့်ကို ကုသပေးနိုင်မည်ဖြစ်သည်။

ရွှေရတုတိပိဋကစက္ခုပါလဆေးရုံတော် ကြီးကို မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာအနီးရှိ မုံရွာ-မန္တလေးကားလမ်းဘေးတွင်၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ရွှေရတုတိပိဋကဓရဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရက ဦးဆောင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။