
မြစ်ကိုအလျားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
ဆန်းစစ်ကြည့်လိုက်လျှင် ဦးစံဖေနှင့် ကျွန်တော်သည် မနေ့က စနေနေ့မနက် မိုးလင်းစကပင် လယ်ကွင်းပြင်များကို ဖြတ်ကျော်ပြီး ခရီးနှင်ခဲ့ကြသည်။
နေ့လယ်လောက်တွင် အမ်းမြို့နယ် ရခိုင်ရိုးမတောင်ခြေရှိ ဒုက္ကံမည်သော ချင်းရွာကလေးသို့ ရောက်ခဲ့သည်။ မနက်စာထမင်းကို ချင်းအမျိုးသားအောင်ကျော်မင်းတို့အိမ်မှာ ဖြစ်သလိုစားပြီး ရိုးမတောင်ခြေလမ်းအတိုင်း ခြေကျင်ခရီးဆက်လျှောက်ခဲ့ကြသည်။ မိုးစုံးစုံးချုပ်မှ မဝှမ်းရွာ(ရခိုင်ရွာ) သို့ ရောက်သည်။
နောက်တစ်နေ့ တနင်္ဂနွေနေ့တွင် ကျောင်းအတွက် သစ်ဝယ်ယူရရှိရေးကို ဆောင်ရွက်ကြရာနေ့ လယ်လောက်မှ အစီအစဉ်ကျသည်။ မနက်စာထမင်းကို ဆရာဦးအောင်တင်အိမ်မှာပဲစားပြီး လာလမ်းအတိုင်း ခရီးပြင်းနှင်ခဲ့ကြပြန်သည်။ ခု တနင်္ဂနွေညသန်းခေါင်နီးမှ ဒုက္ကံရွာသို့ ပြန်ရောက်ကြသည်။ နှစ်နေ့တိုင်တိုင် ခရီးပြင်းနှင်ပြီး ခြေကျင်လျှောက်ခဲ့ကြသဖြင့် လူရောစိတ်ပါ ပင်ပန်းခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။ ကျောင်းပိတ်ရက်နှစ်ရက်လည်း ဤတွင်အဆုံးသတ်သွားခဲ့လေပြီ။ ညနေစာ ထမင်းကိုတော့ ညအချိန်မတော်ကြီးမှာ အောင်ကျော်မင်းကိုပဲ အကူအညီတောင်းပြီး ကြက်ကလေးတစ်ကောင် ဝယ်ကာ ချက်ပြုတ်ပြီး စားလိုက်ကြသည်။ မနက်ဖြန်တနင်္လာနေ့ဆိုတော့ ကျွန်တော်ကျောင်းချိန်မီဖို့လိုသည်။ ထမင်းစားပြီး အိပ်ရာထဲဖြစ်သလို ထိုးအိပ်လိုက်ကြသည်။
တနင်္လာနေ့ မနက် ၄ နာရီတွင် ကျွန်တော်တို့နှစ်ယောက် အိပ်ရာက ထလိုက်ကြသည်။ မျက်နှာကမန်းက တန်းသစ်ပြီး လယ်ကွင်းပြင်ကျယ်ထဲ ခြေကျင်ခရီးနှင်ခဲ့ကြပြန်လေသည်။ ပြောရလျှင် ကျွန်တော်တို့ နှစ်ယောက် ခြေလှမ်းများမှာ အလာထက်တောင် အပြန်ခြေလှမ်းတွေက သွက်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့နှစ်ယောက်သည် မြေစမ်းခရမ်းပျိုးလာကြခြင်း မဟုတ်တော့ဘဲ လမ်းကြောင်းမှန်ကို သိပြီးသား ဖြစ်သွားသောကြောင့် ခြေလှမ်းသွက်သွက်လှမ်း၍ အဆင်ပြေသွားခြင်း ဖြစ်ပေသည်။
ကျွန်တော်တို့ စနေနေ့မနက်ပိုင်းက လာလမ်းအတိုင်းပဲ လယ်ကွင်းတွေကိုဖြတ်သည်။ ကွင်းဆုံးလျှင် မြစ်ကိုကူးတို့ဖြင့် ပို့ခိုင်းသည်။ လယ်ကွင်းသုံးကွင်းနှင့် မြစ်နှစ်စင်းကိုကျော်ဖြတ်ပြီးချိန်တွင် ကျွန်တော်အမေ့ရွာ သရက်တောင်သို့ ရောက်ခဲ့ကြပါလေတော့သည်။ ကျွန်တော်ကား လုံးဝမနားပေ၊ ချက်ချင်းကျောင်းသို့ ဆက်သွားလိုက်ပြီး ကလေးများအား စာပေသင်ကြားမှုလုပ်ငန်းကို ကောင်းကောင်း မောင်းနှင်ပေး နိုင်ခဲ့လေပြီ တကား။
ကျောင်းအဆောက်အအုံမှာ ကျောင်းဖွင့်အမီ စာသင်စာပြပြုလုပ်နိုင်ရေးအတွက် မိမိကျေးရွာက လက်သမားအဖွဲ့ကို တာဝန်ပေးပြီး ဆောက်လုပ်စေခဲ့သည်။ ကျောင်းဆောက်နေရင်း သစ်လိုအပ်ချက်များ ရှိလာလျှင် ကျွန်တော်သည် အဖေနှင့်ညီမလေး၊ ညီလေးများရှိရာ ငပသုန်ရွာသို့ သွားလိုက်သည်။ ပင်လယ်ပြင်ထဲရှိ နောင်တော်ကြီးတောင်သည် ကျောက်တောင်ကြီးပင်ဖြစ်သည်။ ဤကျောက်တောင်တွင် ပေါက်ရောက်ရှင်သန်နေကြသော သစ်များမှာ မာကျောကျစ်လစ်သည်ဟုပြောစကားရှိခဲ့သည်။ သို့ဖြစ်၍ နောင်တော်ကျောက်တောင်ကြီးက သစ်များကို ပို့ပေးနိုင်မည့်သူကို ခေါ်လိုက်ရာ ၁၉၆၇-၁၉၆၈ ခုနှစ်က ငပသုန်ရွာ၌ ကျွန်တော် စာပြခဲ့စဉ် ပထမတန်းတွင် ကျောင်းတက်ခဲ့သော ကျွန်တော့်တပည့် မောင်သိန်းထွန်းကပင် တာဝန်ယူပြီး လိုအပ်သောသစ်များကို ပို့ပေးခဲ့သည်။
(ကျွန်တော်၏ ပညာရေးလုပ်ငန်းပြေးလမ်းတွင် အခက်အခဲဖြစ်နေတုန်း ကူညီပေးသော ချစ်တပည့် မောင်သိန်းထွန်းကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။)(စာရေးသူ)
အ-မ-က သရက်တောင်(မြောက်)ကို ကျေးရွာ၏ ထည့်ဝင်ငွေများဖြင့် ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ သည်။ တောင်ခြေအစပ် ဆင်ခြေလျှောကုန်းတန်း လေးတွင် ဆောက်လုပ်ထားရာ ကျောင်းရှေ့ကွင်းပြင် လေးအစပ် ဓနိခင်းအနီး စီးဆင်းနေသော ချောင်းရေ ပြင်နှင့် ပနံရလှသည်။ ကျောင်းဆောက်လုပ်ပြီးသည့် အချိန်ကစပြီး အတန်းတိုင်း အခန်းပြည့်စာသင်ကြရပြီး စာသင်စာပြ မြိုင်ဆိုင်လှသည်။ ၁၉၈၇ ခုနှစ် မြို့နယ်စစ် စတုတ္ထတန်းစာမေးပွဲတွင် အ-မ-က သရက်တောင်(မြောက်)က မောင်ညွန့်လွင်မိုးမှာ တစ်မြို့နယ် လုံး၌ ပထမရသည်။
ကျွန်တော့်မှာ နဂိုကပင် စာပေရေးသားစိတ်နှင့် ပတ်ဝန်းကျင်လှပမှုကို အစဉ်ခုံမင်တတ်သူပင်ဖြစ်သည်။ ခုစာသင်ကျောင်း ဆောက်လုပ်ထားသည့် နေရာသည် မုတ်သုံတောဝန်းကျင်ဖြစ်သဖြင့် သစ်ပင်ပုပု ဝိုင်းဝိုင်းလေး တချို့လည်း ပါဝင်ပေသည်။ ကျွန်တော်သည် လှေစပ်လှေဖာသည့် လက်သမားအလုပ်ရုံများသို့သွားပြီး ပျဉ်တိုပျဉ်စအဟောင်းများကို အလှူခံလိုက်သည်။ ကျေးရွာထဲက လုပ်ကိုင် တတ်သူများကို အကူအညီတောင်းပြီး အရိပ်ရသော သစ်ပင်များအောက်တွင် မြေစိုက်ထိုင်ခုံတန်းလေးများ အစီအရီတည်ဆောက်ထားပေသည်။ တချို့အပင်များအောက်ခြေတွင် ပင်စည်ကိုပတ်လည်ဝိုင်းပြီး ထိုင်ခုံတန်းလေးများလုပ်စေသည်။ ဤသို့ ကျောင်းပတ်ဝန်းကျင်တွင် အရိပ်ရသစ်ပင်အရိုင်းလေးများ၌ ခုံတန်းလေးများ ဆောက်လုပ်ထားခြင်းဖြင့် နေ့လယ် ကျောင်းလွှတ်ချိန်များတွင် ကျောင်းသား၊ ကျောင်းသူများ နားနေနိုင်ခြင်း၊ စာဖတ်နိုင်ခြင်းတို့ရှိသည့်အတွက် အဆင်ပြေစေပါသည်။ သစ်ပင်များ၏အောက်ခြေတွင် မြေစိုက်ခုံတန်းလျားလေးများ အစီအရီလုပ်ထားသဖြင့် သဘာဝကျ လှလည်းလှသည်။
သရက်တောင်ရွာ အခြေခံပညာအလယ်တန်းကျောင်းက အလယ်တန်းပြဆရာ၊ ဆရာမများမှာ ပြည်မဘက်က ရောက်လာကြသူများကြသည်။ အဓိကအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းက များကြသည်။
ကျွန်တော်သည် ကျောင်းအားလပ်ရက်များဆိုလျှင် ကျောင်းရုံးပြတင်းပေါက်များကိုဖွင့်ပြီး ကျောင်းရှေ့က တသွင်သွင်စီးဆင်းနေသော ချောင်းရေစီးကို မျက်နှာမူပြီး ကဗျာရေးသည့်အခါ ရေးသည်၊ ဝတ္ထုရေးသည့်အခါ ရေးသည်။ ဤလိုအချိန်မျိုးတွင် အလယ်တန်းကျောင်းက အလယ်တန်းပြဧည့်သည်ဆရာမများ တစ်ခါတစ်ရံ အလည်ရောက်လာတတ်ကြသည်။ သူတို့ အ-မ-က သရက်တောင် (မြောက်)၏ ပတ်ဝန်းကျင်ကိုကြည့်ပြီး ကျေနပ်နေတတ်ကြသည်။
"ဆရာကြီးကျောင်းရောက်ရင် အိမ်လွမ်းတာ ပိုတယ်"တဲ့။
"ဘာဖြစ်လို့လဲ ဆရာမ"လို့ မေးလိုက်တဲ့အခါ"ဆရာကြီးကျောင်းပတ်ဝန်းကျင်မှာ လွမ်းစရာ၊ သတိရစရာတွေချည်းပဲ"တဲ့ဗျာ။
ကျွန်တော့်မှာ ကျောင်းအပေါ် သံယောဇဉ်ကြီးသူ ဖြစ်ပေရာ ရှာဖွေလေတွေ့ရှိလေဆိုသလို ဖြစ်နေခဲ့လေပြီ။ ကျောင်းဆောက်တုန်းက မြေညှိကြစဉ် ကျောင်းပတ်ပတ်လည်မှာ ဖို့မြေလိုဖြစ်နေသောနေရာတွင် သင်္ဘောပင်၊ ငှက်ပျောပင်များကို စိုက်ပျိုးထားလိုက်ရာ အပင်သန်သလို သီးခိုင်ကြီးတွေကလည်းအပြည့်။ သို့အတွက် လုံခြုံမှုရှိစေရန် ရွာသားများကို အကူအညီတောင်းပြီး ဝင်းခြံခတ်လိုက်ရာ ကျောင်းနဲ့ပနံရပြီး လုံခြုံမှုလည်းရှိသွားပေသည်။ ကျောင်းဆောက်လုပ်စဉ်က လက်ကျန် သစ်ဝါးကလေးများဖြင့် အထွေထွေလုပ်သား(ကျောင်းစောင့်) မိသားစုအတွက်ပါ ကျောင်းနဲ့မလှမ်းမကမ်းမှာ အိမ်ကလေးတစ်လုံး ဆောက်လုပ်ပေးလိုက်ရာ ပိုပြီးသဘာဝကျသွားသည်။
ဆက်လက်ဖော်ပြပါမည်။