မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော်   ဇန်နဝါရီ   ၂၀

မြန်မာနိုင်ငံတွင်   နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်စနစ်စီမံခန့်ခွဲမှုကော်မတီအစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံတွင်နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ  ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးစိုးဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊  ဒေါက်တာမြင့်ထွေးနှင့်  ဦးဟန်ဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီး  ဦးမြင့်ကြိုင်၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက  အမှာစကားပြောကြားသည်။ထို့နောက် စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်   စတင်ဆောင်ရွက်ခဲ့မှုနှင့်  ကော်မတီအဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်မှုအခြေအနေ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားမှု၊    ခွင့်ပြုလက်မှတ်နှင့်  ကတ်ပြားထုတ်ပေးမှုအခြေအနေများ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်နည်းဥပဒေများအရ ကိုက်ညီမှုမရှိ၍ ငြင်းပယ်မှုနှင့် စိစစ်ဆဲအခြေအနေများနှင့် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ စီမံကိန်း၊  ဘဏ္ဍာရေးနှင့်  စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပြည်ထောင်စုရှေ့နေချုပ်  ဦးထွန်းထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်တို့က    နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့်  လျှောက်ထားလာမှုများအပေါ် စိစစ်ဆောင်ရွက်မှုအခြေအနေများ၊ ပြည်ပကျွမ်းကျင်ပညာရှင်များပိုမိုလာရောက်ခြင်းဖြင့်  နိုင်ငံဖွံ့ဖြိုးရေးအတွက် ရေရှည်အထောက်အကူဖြစ်နိုင်မည့်အခြေအနေများ၊  နိုင်ငံပိုင်လုပ်ငန်းများနှင့်   ပုဂ္ဂလိက လုပ်ငန်းများ၌  ပြည်ပနိုင်ငံများမှ  ရင်းနှီး မြှုပ်နှံသူများ ပိုမိုပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ဆိုင်ရာနည်းဥပဒေများနှင့်ပြင်ဆင်သည့်နည်းဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်နိုင်ခဲ့မှု အခြေအနေ၊ ပြည်ပရောက်မြန်မာနိုင်ငံသားဟောင်းမိသားစုများ ပိုမိုပေါင်းစည်းခွင့်ရပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်မည့်လုပ်ငန်းစဉ်အား အထောက်အကူပြုနိုင်မှုအခြေအနေများကို အကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကသုံးသပ် ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက အကြံပြုဆွေးနွေးတင်ပြ ချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ပေးပြီး  နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။