မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများပေးအပ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ ဩဂုတ် - ၅

        နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားပြီး တင်ပြချက်များပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်သည်။

        ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက နေအိမ်လိုင်းခန်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ နယ်မြေခံရဲတပ်ဖွဲ့မှူးရုံး၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများအတွက်  စားသောက်ဖွယ်ရာများနှင့် ကျောင်းသုံးဗလာစာအုပ်များကို အသီးသီးပေးအပ်ကြပြီး ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။