မြန်မာနိုင်ငံရဲ့ လှပတဲ့သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေကို တရုတ်နိုင်ငံနဲ့ မိတ်ဆက်ပေးဖို့အတွက် လာရောက်ခဲ့တာ ဖြစ်ပါတယ်

 

မြန်မာနိုင်ငံရဲ့ လှပတဲ့သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေကို တရုတ်နိုင်ငံနဲ့ မိတ်ဆက်ပေးဖို့အတွက် လာရောက်ခဲ့တာ ဖြစ်ပါတယ်

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် ခရီးသွားအေဂျင်စီများမှ ကိုယ်စားလှယ်များပါဝင်သော မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်   Familiarization Trip-FAM Trip အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့မှ  ရန်ကုန်မြို့သို့ ယနေ့မွန်းလွဲပိုင်းတွင်  ရောက်ရှိခဲ့သည်။

အဆိုပါ မြန်မာ-တရုတ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် Familiarization Trip-FAM Trip အဖွဲ့ တာဝန်ရှိသူများနှင့် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုမှ တာဝန်ရှိသူတို့၏ စကားသံတို့ကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးဇေယျာမျိုးအောင် (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန)

မြန်မာနိုင်ငံမှာ တရုတ်ခရီးသွားလုပ်ငန်းဈေးကွက်နဲ့ပတ်သက်ပြီး မြှင့်တင်ဖို့ မြန်မာ-တရုတ်ခရီးသွား လုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ Familiarization Trip-FAM Trip ခရီးစဉ်ကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်း၊ ကူမင်း၊ ယူနန်၊ ကွေ့လင်း၊ ချုံချင့်က ခရီးသွားဧည့်သည် ၄၁ ဦးပါဝင်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံနဲ့ငွေဆောင်စတဲ့ အဓိကခရီးစဉ်ဒေသတွေကို မေလ ၂၀ရက်နေ့အထိ လေ့လာလည်ပတ်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ခရီးစဉ်ဒေသတွေအကြောင်းကို    ပိုမိုသိရှိစေမှာလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ တရုတ်နိုင်ငံရဲ့ မီဒီယာတွေလည်း ပါဝင်တာကြောင့် မြန်မာနိုင်ငံ အကြောင်းကို   ပိုမိုသိရှိပြီး လာရောက်လည်ပတ်နိုင်ဖို့အတွက် ရည်ရွယ်ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံတကာခရီးသွားဧည့်သည် ဝင်ရောက်မှုကိုကြည့်မယ်ဆိုရင် ဗီဇာနဲ့ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေထဲမှာ တရုတ်နိုင်ငံသား အများဆုံးဖြစ်ပါတယ်။ ထိုင်းနိုင်ငံကခရီးသွားဟာ ဒုတိယလိုက်ပါတယ်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းအနေနဲ့ ထိုင်းနိုင်ငံခရီးသွားနဲ့ ပတ်သက်ပြီး Familiarization Trip-FAM Trip ကိုလုပ်ဆောင်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းတွေ၊ အသင်းတွေ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အပါအဝင် အသင်းတွေပူးပေါင်းပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ Familiarization Trip-FAM Trip ကို လုပ်ဆောင်ခဲ့ပြီးပါပြီ။  အခုရောက်ရှိလာတဲ့အဖွဲ့နဲ့အတူပါလာတဲ့ မီဒီယာတွေက သူတို့နဲ့သက်ဆိုင်ရာ    ချန်နယ် တွေအပြင် လူမှုကွန်ရက်တွေမှာ ထုတ်လွှင့်ကြတဲ့အခါ ပိုမိုသိရှိပြီးတော့ မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍကို  နိုင်ငံတကာက စိတ်ဝင်စားလာစေမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံကို အိမ်နီးနားချင်းနိုင်ငံတွေက အများဆုံးလာရောက်လည်ပတ် နေတာဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ခရီးသွားဧည့်သည်တွေကိုလည်း ဆိုက်ရောက်ဗီဇာစနစ်နဲ့ ခွင့်ပြုထားတာကြောင့် အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေကလည်း လာရောက်လည်ပတ်နေပါတယ်။ မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်မှာ နိုင်ငံတကာခရီးသွားဧည့်သည် ၁ ဒသမ ၂၃ သန်း ဝင်ရောက်ခဲ့ပြီးတော့ ၂၀၂၄ ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာလည်း ခရီးသွားတွေဝင်နေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာဆိုရင် ခရီးသွားလုပ်ငန်းဟာ ကိုဗစ်မတိုင်မီက အခြေအနေကို ပြန်လည်ရောက်ရှိနေပါပြီ။ မြန်မာနိုင်ငံအနေနဲ့ ခရီးသွားလုပ်ငန်းပြန်လည် မြှင့်တင်ရေး အစီအစဉ်တွေကို လုပ်ဆောင်နေပါတယ်။

ယခု မြန်မာ-တရုတ်   ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် Familiarization Trip-FAM Trip ဟာလည်း နှစ်နိုင်ငံခရီးသွားမြှင့်တင်ရေး အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

ဦးနန္ဒအောင် ( ညွှန်ကြားရေးမှူး-ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ)

အခုအစီအစဉ်ဟာ မြန်မာ-တရုတ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို အဓိကဆောင်ရွက်တာဖြစ်ပါတယ်။ အခုခရီးစဉ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ခရီးသွားတွေ ထဲထဲဝင်ဝင်သိရှိပြီး မြန်မာနိုင်ငံကို လာရောက် လည်ပတ်ဖို့အတွက် ဖိတ်ခေါ်တာလည်းဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းကို ပြည်ပခရီးသွားဧည့်သည် ၈၀၀၀၀ ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ၂၄၀၀၀၀ ဝင်ရောက်ခဲ့ပြီးတော့ ၂၀၂၄ ခုနှစ် ဧပြီလအထိ ခရီးသွား ၈၀၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ တရုတ်ခရီးသွားအများဆုံး ဖြစ်ပြီးတော့ ဒုတိယထိုင်းခရီးသွားဖြစ်ပါတယ်။ ဒါ့ကြောင့် တရုတ်နိုင်ငံကခရီးသွားတွေ ပိုမိုလည်ပတ် အပန်းဖြေနိုင်အောင် ဆောင်ရွက်တာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ လက်ရှိလိုင်စင်ရဟိုတယ် ၄၉၃ လုံးရှိပြီးတော့  သုံးပုံနှစ်ပုံ  ဖွင့်လှစ်နေပြီး ခရီးသွားဧည့်သည်တွေ ဝင်ရောက်နေပါတယ်။

Mr.LIUWEI ( Chairman ၊  Myanmar-China Culture Tourism Promotion Society)

အခုခရီးစဉ်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအပြင် ခရီးသွားမြှင့်တင်ရေး ကိုဆောင်ရွက်တာ ဖြစ်ပါတယ်။ ကျွန်တော်မြန်မာနိုင်ငံကို ရောက်ဖူးပါတယ်။ အခုပါလာတဲ့ ခရီးသွားတွေကတော့ မရောက်ဖူးသေးပါဘူး။ လေဆိပ်အဝင်မှာ တာဝန်ရှိသူတွေက    နွေးနွေးထွေးထွေး ကြိုဆိုကြတဲ့အပြင် အိုးစည်ဒိုးပတ်တွေနဲ့   မြန်မာ့ယဉ်ကျေးမှုကို စတင်တွေ့ရှိ မှုဟာ ဒီခရီးစဉ်ရဲ့ပထမဆုံး အံ့သြဝမ်းသာမှုတစ်ခုပါပဲ။  မြန်မာနိုင်ငံရဲ့ လှပတဲ့သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေကို တရုတ်နိုင်ငံနဲ့ မိတ်ဆက်ပေးဖို့အတွက် လာရောက်ခဲ့တာဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဦးကျော်မင်းလှိုင်(မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်      တွဲဖက်အထွေထွေအတွင်းရေးမှူး-၁)

ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့အညီ ခရီးသွားလုပ်ငန်းအသင်း အဖွဲ့တွေအားလုံးစုစည်းပြီး တရုတ်ခရီးသွားဧည်သည် ပိုမိုဝင်ရောက်လာနိုင်ဖို့အတွက် ခရီးသွားလည်ပတ်ဖို့ကောင်းတဲ့နိုင်ငံအဖြစ် သိရှိဖို့စီစဉ်တာဖြစ်ပါတယ်။ ခရီးသွားအေဂျင်စီနဲ့ မီဒီယာတွေပါဝင်တာကြောင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လှပတဲ့ ခရီးသွားဒေသတွေကို ပိုမိုသိရှိပြီး လာရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။   ခရီးသွားလုပ်ငန်းဝန်ဆောင်မှုတွေ အချင်းချင်း ချိတ်ဆက်ပြီးတော့ မြန်မာနိုင်ငံကို ခရီးသွား ပိုမိုလာရောက်လည်ပတ်နိုင်ဖို့ဖြစ်ပါတယ်။

(သတင်းစဉ်) ဓာတ်ပုံ - ကနူး