မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံ၊ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ် အတွင်းရှိ ကျောက်တော်၊ ဘူးသီးတောင်မြို့နယ်များရှိ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး

နေပြည်တော်၊ နိုဝင်ဘာ - ၂၈

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စား လှယ်နှင့် ဂျပန်နိုင်ငံ၊ နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌဖြစ်သူ H.E.Mr. Yohei SASAKAWA  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ယနေ့တွင် သွားရောက်တွေ့ဆုံသည်။

ဦးစွာ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူး ကိုယ်စားလှယ် နှင့် ဂျပန်နိုင်ငံ၊နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Yohei SASAKAWA ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် တပ်မတော် ရဟတ်ယာဉ်များဖြင့် ကျောက်တော်မြို့သို့ ရောက်ရှိကြပြီး ကျောက်တော် မြို့တွင်းဈေး၊ ပိန္နဲချောင်းကျေးရွာတို့ရှိ ဒေသခံပြည်သူများ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။ ထို့နောက် ဘူးသီးတောင်မြို့နယ်၊ သင်္ဘော ဆိပ်ကမ်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးရုံး၊ မြို့မဈေး၊ ရွာမကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်တို့၌ ဒေသခံပြည်သူများအား အသီးသီး ဆက်လက်တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲများတွင်  မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံ၊ နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ က ဒေသခံ ပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိကာလတွင် ဒေသတွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အခြေအနေများ၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန် ဒေသခံများ၏ ဆန္ဒသဘောထားများကို ရင်းရင်းနှီးနှီး မေးမြန်းခဲ့ရာ ဒေသခံပြည်သူများက လက်နက်ကိုင် ပဋိပက္ခများ လျော့နည်းစေလိုကြောင်းနှင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သည့် ရွေးကောက်ပွဲကို မိမိတို့ နယ်မြေတွင် ကျင်းပပြုလုပ်စေလိုကြောင်းဖြင့် ပြန်လည် ပြောကြားခဲ့သည်။

ထို့နောက် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိကြပြီး စစ်တွေဟိုတယ်တွင် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ၊ ရခိုင် အမျိုးသားပါတီ  ANP   မှ ဥက္ကဌ ဦးသာထွန်းလှနှင့် အဖွဲ့ဝင်များကို တွေ့ဆုံခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်မည့် အခြေအနေ များနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် နီပွန်ဖောင်ဒေးရှင်းမှ အမေရိကန်ဒေါ်လာ နှစ်သိန်းတန်ဖိုးရှိ စားနပ်ရိက္ခာများနှင့် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ် လှူဒါန်းမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် အဆိုပါ ဟိုတယ်၌ သတင်းမီဒီယာ ၁၅ ဦးခန့်နှင့် တွေ့ဆုံ၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။