မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည် အစည်းအဝေးနှင့် အထွေထွေညီလာခံ ကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၂၆      

မြန်မာနိုင်ငံ  ဆန်စပါး အသင်းချုပ်၏ နှစ်ပတ်လည် အစည်းအဝေးနှင့် အထွေထွေ ညီလာခံကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဒေါက်တာသန်းမြင့်က    Video   Me-ssage ပေးပို့၍   အမှာစကား ပြောကြားသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် အမျိုးသား ပို့ကုန် မဟာဗျူဟာ (NES) ၂ဝ၂ဝ-၂ဝ၂၅ တွင် ဆန်စပါးကဏ္ဍကို    ဦးစားပေးအနေနှင့် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ်တွင် ကုမ္ပဏီ ၄၃ ခုနှင့် ဆန်စက်ပေါင်း ၇၉ စက်ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရေးအတွက် GACC တွင်  မှတ်ပုံတင် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း။

COVID-19 ရောဂါစတင်ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံအစိုးရမှ တရုတ်နိုင်ငံ ဝူဟန်မြို့သို့ ဆန်တန်ချိန် ၂ဝဝ လှူဒါန်းခဲ့ပြီး ဘမ်ကိုမုန်တိုင်းဒဏ် ခံရသည့် ဖိလစ်ပိုင် နိုင်ငံသို့လည်း ဆန်တန်ချိန် ၂ဝဝ လှူဒါန်းနိုင်ရန်အတွက်   ပူးပေါင်း စီစဉ်လျက်ရှိကြောင်း။

COVID-19 ကာလအတွင်း ပြည်သူများ ရိက္ခာပြတ်လပ်မှု   မဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်အနေဖြင့် အရန်ဆန်ဝယ်ယူခဲ့ရာတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏  ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့မှု၊  ပြည်သူများသို့  သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့်  ရောင်းချပေးခဲ့မှု၊  ဆန်နှင့် အခြေခံစားကုန်များ လှူဒါန်းသည့် လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့မှုများကို မှတ်တမ်းတင် ဂုဏ်ပြုပြောကြားလိုကြောင်း။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အနေဖြင့် နိုင်ငံ့အကျိုး၊ တောင်သူလယ်သမားများ အကျိုးကို ယခုထက်ပိုပြီး ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် ဆန်စပါးကဏ္ဍနှင့် သက်ဆိုင်သော သုတေသနနှင့်  ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပညာပေးရေး လုပ်ငန်းများ၊ သတင်းအချက်အလက်နှင့်  နည်းပညာ စုဆောင်းဖြန့်ဝေရေး လုပ်ငန်းများကို ဆန်စပါးဆိုင်ရာ အသင်းများ၊ တောင်သူလယ်သမားများနှင့် နီးနီးကပ်ကပ် ပူးပေါင်း၍  မြန်မာနိုင်ငံ၏ ဆန်စပါး လုပ်ငန်းကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက် သွားစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

အစည်းအဝေး၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဒေါက်တာအောင်သူ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ    ဦးဇော်မင်းဝင်းတို့ကလည်း Video Message ဖြင့် အမှာစကားများ ပြောကြားခဲ့ကြပြီး အခမ်းအနား၏ သဘာပတိနှင့်  မြန်မာနိုင်ငံ  ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌတို့က နှုတ်ခွန်း ဆက်စကား ပြောကြားခြင်း၊ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ အသင်းချုပ်နာယကကြီးများ၊  ဗဟိုအလုပ် အမှုဆောင်များ၊ ဆန်စပါးဆိုင်ရာ ပညာရှင်များ၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်းမှ     ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။