မြန်မာ့ထောပတ်သီးကို အင်္ဂလန်ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် နမူနာများ စတင်တင်ပို့

မြန်မာ့ထောပတ်သီးကို အင်္ဂလန်ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် နမူနာများ စတင်တင်ပို့နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်   တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့် ၏ပြောပြချက်အရ သိရသည်။

ထိုသို့တင်ပို့ရာတွင်   မြန်မာ့မျိုးရင်း အမရာမျိုးနှင့်  နိုင်ငံခြားမျိုးများဖြစ်သည့် Hass နှင့် Buccaneer မျိုးတို့ကို နမူနာအဖြစ် တင်ပို့ထားပြီးဖြစ်သည်။

''အင်္ဂလန်ဈေးကွက်ကို ထောပတ်သီးနမူနာတွေ တင်ပို့လိုက်ပါပြီ။  နိုင်ငံတကာ သီးနှံစံနှုန်း   ဖြေလျှော့ပေးထားပါတယ်။

ကျန်တဲ့အပိုင်းက နိုင်ငံတကာ စံချိန်းစံညွှန်းအတိုင်းပဲ တင်ပို့ရတယ်''ဟု ဦးမျိုးညွန့်ကပြောသည်။

ထိုသို့တင်ပို့ရာတွင် အင်္ဂလန်နိုင်ငံ၏ Containment Strategy  အရ ၎င်းတို့ထံ ပိုးမွှားနှင့် ဗိုင်းရပ်များ မပါရှိစေရန် ပိုးမွှား၊ မှိုနှင့်ရောဂါများကို အင်္ဂလန်နိုင်ငံ၌ သုံးရက်ထားကာ ဓာတ်ခွဲစစ်ဆေးပြီး ဈေးကွက်အတွင်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

''ဈေးကွက်အလားအလာကောင်းတယ်ဆိုရင် ကျွန်တော်တို့နဲ့ အရောင်းအဝယ် စာချုပ်ချုပ်ဆိုမှာပါ။     အင်္ဂလန်ကနေ တစ်ဆင့် တခြားဥရောပ ဈေးကွက်ကိုလည်း ဆက်လက် တင်ပို့နိုင်မှာပါ''ဟု ဦးမျိုးညွန့်ကပြောသည်။

တင်ပို့သည့်မျိုးသုံးမျိုးတွင် ဒေသမျိုးဖြစ်သည့် အမရာမျိုးသည် နိုင်ငံခြားမျိုးဖြစ်သော ံ Hass မျိုးနှင့် အရည်အသွေးပိုင်း ယှဉ်နိုင်ပြီး Hass မျိုးထက် အရွယ်အစား အနည်းငယ်ကြီးကာ အဆီပါဝင်နှုန်းမှာ ၂ ရာခိုင်နှုန်းပိုကြောင်း သိရသည်။

ပြည်တွင်းမှထွက်ရှိသည့် ထောပတ်သီးများကို တင်ပို့နိုင်ရန်  ပြည်ပဈေးကွက်သစ်များ ရှာဖွေလျက်ရှိရာ ယခုနှစ်အတွင်းထိုင်းနိုင်ငံသို့    တရားဝင်တင်ပို့နိုင်ရန် ဆွေးနွေးလျက ်ရှိပြီး တရုတ်နိုင်ငံသို့လည်း တရားဝင်တင်ပို့နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။