နေပြည်တော်၊ မတ် - ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မြိတ်မြို့အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မတ် ၂၆ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် အင်းလေးမြိုင်ရပ်ကွက်၊ ရွှေပြည်တန်လမ်းမကြီးနှင့် အောင်မင်္ဂလာ လမ်း လမ်းဆုံတွင် ဆူပူအကြမ်းဖက်သူ အင်အား ၁၅၀ ဦးခန့်က အတားအဆီးများ ချထားခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်လုပ်သေနတ်၊ ဂျင်ကလိ၊ လေးဂွများ၊ မီးပုလင်းများဖြင့် ပစ်ခတ်ခြင်းများ ဆောင်ရွက်လာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လုပ်ထုံးလုပ်နည်းများနှင့် အညီ လူစုခွဲခြင်းများ ဆောင်ရွက်ခဲ့ရာ ဆူပူအကြမ်းဖက်သူများထဲမှ အမျိုးသား ၅၆ ဦး၊ အမျိုးသမီး ၆၁ ဦးတို့ကို ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့ထဲမှ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် နယ်မြေခံတပ်မတော် ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေခဲ့စဉ် ရရှိဒဏ်ရာများဖြင့် သေဆုံး ခဲ့သည်။
အထက်ပါဆူပူ အကြမ်းဖက်မှုဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ အသုံးပြုသည့် မော်တော်ယာဉ် ၂ စီးတို့တွင် နောက်လေကာ မှန်ကွဲခြင်းနှင့် ရှေ့လေကာမှန် ကွဲအက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါဖမ်းဆီး ထိန်းသိမ်းထားသည့် ဆူပူအကြမ်းဖက်သူများအနက် အမျိုးသား ၃၀ ဦးအား မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ အမျိုးသား ၁၁ ဦးတွင် မူးယစ် ဆေးဝါး သုံးစွဲထားသည်ကို တွေ့ရှိရကြောင်း၊ ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့သူအား ရဲလုပ်ထုံးလုပ် နည်းနှင့်အညီ သေမှုသေခင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိသူများအား ထိရောက်စွာ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။