မြို့နယ်အချို့တို့၌ ဆူပူအကြမ်းဖက်မှုများဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် - ၂၄
    
ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများကို စစ်ဆေးရှာဖွေခြင်း၊ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ မတ် ၂၃ ရက်ညနေပိုင်းတွင် လားရှိုးမြို့၊ ရက်ကွက်(၉)၊ နယ်မြေ(၃)၊ အောင်သပြေလမ်းသွယ်၊ အိမ်အမှတ်(၃/၂၈၈)၌ အိမ်ငှားနေထိုင်သူ မောင်မြ(ဘ) ဦးသန်းစိန်အား ဒူးလေးသေနတ် ၂ လက်၊ မြှားအချောင်း ၅၀၊ ဂက်စ်ဖြင့်ပစ်ခတ်ရသော ကော်ပိုက်ဖြင့်ပြုလုပ် ထားသည့် ဒေသန္တရလက်လုပ်သေနတ် ၂ လက်၊ ဂက်စ်ဘူး ၃ ဘူး၊ လေးခွမျိုးစုံ ၄ လက်၊ လောက်စာလုံး ၁၅၀ လုံး၊ ဖန်ဂေါ်လီ ၄၀ လုံးနှင့် အဆိုပါပစ္စည်းများပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်းင်းခြံဝန်းအတွင်းနေထိုင်သူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
    
အလားတူ မတ် ၂၃ ရက်နံနက်ပိုင်းတွင် တာမွေမြို့နယ်၊ ဓမ္မစိန္တာလမ်း၊ မလွှကုန်းလမ်းနှင့် သြဘာလမ်းတို့ရှိ နောက်ဖေးလမ်းကြားများအတွင်းမှ သံဒိုင်းကာ ၄၇ ခု၊ သစ်သားဒိုင်းကာ ၂၅ ခု၊ ဖိုက်ဘာဒိုင်း ၂၃ ခုနှင့် ဖိုက်ဘာဦးထုပ် ၁၁ လုံးကို လည်းကောင်း၊ ညနေ ၄ နာရီ ၅၅ မိနစ်ခန့်တွင် မြို့သစ်(၂)လမ်းနှင့် ကျောက်ရေတွင်းလမ်း ထောင့်ရှိ သောကြာဆွမ်းလောင်းအသင်း အဆောက်အဦအတွင်း၌ သံဒိုင်းမျိုးစုံ ၂၉ ခုနှင့် သစ်သားတုတ် ၃ ချောင်းအား လည်းကောင်း၊ ကျိုက္ကဆံလမ်းနှင့် ဗညားဒလလမ်းဆုံအနီး၊ KBZ  ဘဏ်ရှေ့၌ မသင်္ကာဖွယ်လူတစ်ဦးတွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ ဦးသန့်ဇင်ဝင်း(ဘ)ဦးဝင်းမောင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄၅၀)၊ သုတ(၂)လမ်းနေသူဖြစ်ပြီး ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်းမှ ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်ရန် စည်းရုံးလှုံ့ဆော်ခြင်း၊ ငွေကြေးကောက်ခံခြင်းနှင့် ထောက်ပံ့ခြင်းများ ဆောင်ရွက်ထားရှိသည့် အချက်များနှင့် လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
    
ထို့အပြင် မတ် ၂၃ ရက်နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်း မြို့နယ်၊ ဝါးတောစွန်းကျေးရွာအုပ်စု၊ အုတ်ကွင်းအနီးရှိ အလုပ်သမားတန်းလျား၌ ကျော်လင်းစိုး(ခ)ကုလားကြီး(ဘ)ဦးအေးစိုးအား သံဘောစေ့ထည့်ပစ်ရသော ဂတ်(စ်)ဘူး တပ်လျက် ကော်ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်သေနတ် ၁ လက်၊ သစ်သားဖြင့်ပြု လုပ်ထားသည့် လေဘူးတပ်လျက်လက်လုပ်သေနတ် ၁ လက်၊ ဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊  ကြောင်လျှာကုန်းကျေးရွာနေ ကျော်သက်အောင်(ခ)သက်အောင်(ဘ) ဦးကျော်အေး၏နေအိမ်၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ဂျင်ကလိမျိုးစုံ ၁၁ ချောင်း၊ ဗွီနိုင်းများ၊ ဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊ မြောင်းမြမြို့နယ်၊ ကုန်းသာအုပ်စု၊ မြို့ဟောင်းရွာ သွားလမ်းဘေး ဝါးတောတွင် နေထိုင်သည့် ကိုကိုဦး၏ နေအိမ်၌  ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် ဗွီနိုင်းများအား လည်းကောင်း၊ ဖျာပုံမြို့နယ်၊ အပြောင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၏ မြောက်ဘက်ထောင့်ရုံးနှင့် (၅)ပေခန့်အကွာ၌ ဂျင်ကလိ ၃၄ ချောင်းအားလည်းကောင်း၊ ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာ အုပ်စုရှိ ဦးကျော်ထွန်း ပိုင်ဆိုင်သည့် ရွှေလဝန်းရေခဲစက်၌ ရေခဲစက်အလုပ်သမား အေးအောင် (ဘ)ဦးစံတင်အား ဂျင်ကလိ ၁၈ ချောင်း၊ သံပြားအချွန်တတ်ထားသော လှံ ၁ ချောင်းနှင့် ဆက်စပ်ပစ္စည်းများ အားတွေ့ရှိသဖြင့် အဆိုပါပစ္စည်းများအား သိမ်းဆည်းထားသူ တို့ကိုလည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
    
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပုဏ္ဏားကုန်းကျေးရွာ၌ အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်ရန် အင်အား ၂၀၀ ဦးခန့်ဖြင့် သင်တန်းပြုလုပ် နေကြောင်း သတင်းအရ သွားရောက် စုံစမ်းစစ်ဆေးရာ ၎င်းင်းကျေးရွာမှ ဦးလှိုင်ကြီး(ဘ)ဦးဖိုးဖြူ အသက် ၄၈ နှစ်အား ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် ကော်ပိုက်ဖြင့်ပြုလုပ်ထားသော အရှည် ၃ ပေခန့်ရှိ လက်လုပ်သေနတ်ဖြင့်လည်းကောင်း၊ နံနက် ၉ နာရီခွဲခန့်တွင် ဆိပ်ခွန်ကျေးရွာမှ ဦးအောင်သိန်း (ဘ)ဦးတင်စိန် အသက် ၅၂ နှစ်အား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် အဝတ်စထည့် ထားသည့် ဓာတ်ဆီပုလင်း ၁၄ လုံး၊ လက်လုပ်မိုင်း ၈ ခု၊ သံဂျင်ကလိ ၇ ခု၊ သံဆူးချွန် ၃ ချောင်း၊ ဟန်းစပီကာ အဖြူရောင် ၁ ခု၊NLD တံဆိပ်ပါ အနီရောင် ဦးထုပ်အဝိုင်း ၂ လုံး၊ ဖယောင်းခဲတောင့် ၃ ခု၊ ပိုက်ဆက်ကော်ဘူး ၁ ဘူး၊ စက္ကူဖြင့်ထုပ်ထားသည့် ကန့်အထုပ် ၁ ထုပ်အပါအဝင် ဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း အသီးသီးဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။ 
    
၎င်းအပြင် ချင်းပြည်နယ်၊ ကလေးမြို့၊ ပင်လုံရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မေတ္တာလွင်ပြင် ဂတ်(စ်)အိုးအရောင်းဆိုင်၌ ဆိုင်ပိုင်ရှင်ဖြစ်သူ မောင်မောင်လွင်(ဘ)ဦးနက်အား ဂျပ်ဖာ ၁၈ ဖာအတွင်းထည့်ထားသည့် ဘောသီး ၉၀၀၀ လုံးနှင့် ဆာလာအိတ် ၃ အိတ်ဖြင့် ထည့်ထားသည့် ဖန်ဂေါ်လီလုံး ၇၉၅၀ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အောင်သစ္စာရပ်ကွက်၊ နယ်မြေ(၁၁)ရှိ ၎င်း၏နေအိမ်သို့သွားရောက်ရှာဖွေစစ်ဆေးရာ စတီးပိုက်မျိုးစုံ ၂၆၃ ချောင်း၊ ဂက်(စ်)ဘူး ၂၈ ဘူး၊ ကော်ပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်သေနတ် ၄ လက်တို့ကို ဖမ်းဆီးထိန်းသိမ်း ရမိခဲ့သည်။
    
ထို့အပြင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာနေ မောင်ကြာထွား (ဘ)ဦးကြီးညိုအား တူမီးသေနတ် ၁ လက်၊ စနက်တံကြိုး (ကာလာစုံ ၃ စည်း)၊ အဝတ်စထည့်ထားသည့် ဓာတ်ဆီပုလင်း ၂ လုံး၊ ဆက်စပ် ပစ္စည်းဖြင့် လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဟံသာဝတီကျေးရွာသို့ သွားရောက်စစ်ဆေးစဉ် ဝေလင်း(ဘ)ဦးဘကြည်နှင့် ဇင်ကို(ဘ)ဦးဟန်ဝင်း ဟံသာဝတီကျေးရွာ နေသူတို့နှစ်ဦးအား တူမီးသေနတ် ၁ လက်ဖြင့် လည်းကောင်း၊ အဆိုပါကျေးရွာရှိ ဦးကံထူး၏ ဆန်စက်အတွင်း၌ ဂျင်ကလိ ၁၄ ချောင်း၊ သံပိုက်မျိုးစုံ ၅ ချောင်း၊ သံဖြတ်မော်တာ ၁ လုံး၊ ဂတ်(စ်)ပိုက် ၁၀ ချောင်း၊Electric Gas ဘူး ၅ခုအား လည်းကောင်း၊ မြို့မတောင်ကုန်းရပ်ကွက်၌  မမြတ်နွယ်ဝင်း(ဘ)ဦးဌေးရွှေအား Gas ဖြင့် ပစ်ခတ်ရသော လက်လုပ်သေနတ် ၁ လက်၊ သံပိုက်လုံး ၃ လုံး၊ ၂ ပေါင်တူ ၁ လက်၊ မော်တာ ၂ လုံး၊ ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
    
ထို့အတူ တောင်တွင်းကြီးမြို့နယ်၊ အုန်းတော(၂)ရပ်ကွက်အတွင်းနေထိုင်သူ ဇော်ကြီး(ဘ) ဦးအောင်ထွန်းနေအိမ်၌ ဒူးလေး ၁ လက်၊ သံချွန်မြှား ၁၁ ချောင်း၊ ဓားမျိုးစုံ ၁၁ ချောင်း၊ ပုဆိန် ၁ လက်၊ တုတ်မျိုးစုံ ၂ ချောင်း၊ CDM လှုပ်ရှားမှုစာသားပါ တီရှပ်များနှင့် လည်းကောင်း၊ တောင်တွင်းကြီး- မြို့သစ်သွားကားလမ်းဘေးရှိ မြမြင့်မိုရ်စားသောက်ဆိုင် အတွင်း၌ လေးခွများ၊ ဓားများကိုင်ဆောင်ကာ ဝင်ရောက် စားသောက်နေသည့် ဌေးညွန့်လှိုင် (ဘ)ဦးဆစ်တိုအပါအဝင် အမျိုးသား ၅ ဦးအားလည်းကောင်း အသီးသီးဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
    
အထက်ပါဖြစ်စဉ်များတွင် ဆူပူဆန္ဒပြမှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိသူများအား လိုအပ်သလိုအရေးယူနိုင်ရေး သက်ဆိုင်ရာ နယ်မြေရဲစခန်းများ၌ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။