နေပြည်တော်၊ မတ် - ၂၈
ဆူပူအကြမ်းဖက်သူများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို နှောင့်ယှက် နိုင်ရေး အစွမ်းကုန်ဆောင်ရွက်မည်ဆိုသည့် ကြွေးကြော်မှုများဖြင့် မတ်လ၂၂ ရက်နေ့နောက်ပိုင်းမှ စ၍ ဆူပူအုံကြွ အကြမ်းဖက်လှုပ်ရှားမှုများကို နည်းမျိုးစုံဖြင့် ကြိုးစားလာသည့်အပြင် မတ်လ ၂၅ ရက်မှ ၃၁ ရက်အတွင်း အထူးသဖြင့် မတ်လ ၂၇ ရက်နေ့တွင် တစ်နိုင်ငံလုံး ဆူပူအုံကြွ အကြမ်းဖက်ခြင်းဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအား အကြပ်အတည်း တစ်စုံတစ်ရာဖြစ်စေရန် ရည်ရွယ်လျက် လူကိုသေစေနိုင် သည့် လက်နက်ကိရိယာများ အလုံးအရင်းဖြင့် စုဆောင်းနေ ကြောင်း၊ ရပ်ကွက်အတွင်း အေးချမ်းတည်ငြိမ်မှုကို လိုလားသည့်ပြည်သူများ၏ သတင်းပေးပို့ချက်များအရ မတ်လ၂၅ ရက်၊၂၆ ရက် တို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်ကွက်အလိုက် ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
ပြည်သူအများစုက အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်ခြင်းကို လိုလားသော် လည်း အနည်းစုဖြစ်သည့် ကြေးစားဆူပူ အကြမ်းဖက်သူများနှင့် မူးယစ်ဆေးသုံးစွဲသူအများစုသည် အဖျက်အမှောင့် လုပ်ငန်းများကို ပိုမိုတိုးမြှင့် ဆောင်ရွက်လာခဲ့ရာ ၎င်းတို့ရည်မှန်းထားသည့် မတ်လ၂၇ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆူပူအုံကြွ အကြမ်းဖက်ခြင်းအား မျှော်မှန်း ဆောင်ရွက်ခဲ့သော်လည်း တိုင်းဒေသကြီး၊ ပြည်နယ်အချို့နှင့် မြို့နယ်၊ မြို့ကြီးအချို့တွင်သာ အကြမ်းဖက် အင်အား ဆယ်ဂဏန်းဖြင့် နေရာ ၉၀၊ ရာဂဏန်းဖြင့် ၈၇ နေရာ ၊ ထောင်ဂဏန်းဖြင့် ၈ နေရာ၊ သောင်းဂဏန်းဖြင့် တစ်နေရာ စုစုပေါင်း ၁၈၆ နေရာ တို့တွင် လူကိုသေစေနိုင်သည် အထိ အန္တရာယ်ဖြစ်စေနိုင်သော လက်နက်များ ကိုင် ဆောင်ကာ ဆူပူအကြမ်းဖက်မှုများ၊ လမ်းကြောင်းများ အထပ်ထပ် ပိတ်ဆို့ခြင်းများကို ဆောင်ရွက်လာခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မတ်လ၂၇ ရက် နံနက်၁၀နာရီမှ စတင်ပြီး ပြည်သူလူထုလူမှုဘဝ တည်ငြိမ်အေးချမ်းရေး အတွက် မဖြစ်မနေ တာဝန်အရ လူစုခွဲခြင်း၊ အတားအဆီးများ ဖယ်ရှားခြင်းများ ဆောင်ရွက်ခဲ့ရသည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ဆူပူအကြမ်းဖက်သူများ လူစုကွဲစေရေး အဓိကရုန်း ဖြိုခွဲရေး လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ခဲ့မှုအပေါ် ဆူပူအကြမ်းဖက်သူများက ခြိမ်းခြောက်ခြင်း၊ ကိုယ်ထိလက်ရောက် အန္တရာယ်ပြုခြင်းများအထိ ကျူးလွန်လာပြီး သေနတ် အစစ်များဖြင့် ပစ်ခတ်ခြင်း၊ လက်ပစ်ဗုံးများ ပစ်ပေါက်ဖောက်ခွဲခြင်းများ ဆောင်ရွက်လာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မလွှဲမရှောင်သာ လူစုဖြိုခွဲမှုများ ဆောင်ရွက်ခဲ့ရာ အဓိကရုန်းဖြိုခွဲရေး လက်နက်များဖြင့် အနီးကပ်ဖြိုခွဲရသည့်အတွက် လမ်းပိတ်ဆို့ ရှင်းလင်းမှုဖြစ်စဉ်တွင် ၆ ဦး၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံး အဆောက်အဦများသို့ စီးနင်းဖျက်စီးမှုဖြစ်စဉ်တွင် ၆ ဦး၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဝင်ရောက်လုံးထွေး သတ်ပုတ်မှုဖြစ်စဉ်တွင် ၃ ဦး၊ လုံခြုံရေး တပ်ဖွဲ့ဝင်များသို့ အကြမ်းဖက်သူ ၃ ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ရန် ဆောင်ရွက်စဉ် လက်တွင်း၌ ပင်ပေါက်ကွဲ ၍သေဆုံးသူ ၁ ဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လမ်းပေါ်တွင် ပိတ်ဆို့ထားသည့် အတား အဆီးများ ဖယ်ရှားချိန်အတွင်း၌ အနီးကပ် ဝင်ရောက် လုံးထွေး တိုက်ခိုက်မှုအပေါ် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုန်း လက်နက်များ ဖြင့် အနီးကပ် ပစ်ခတ်မှုကြောင့် ၂၉ ဦး စုစုပေါင်း ဆူပူအကြမ်းဖက်သူ ၄၅ ဦး သေဆုံး ခဲ့ရပြီး ၅၅၂ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။ ဖြစ်စဉ်များတွင် လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦးမှာ အကြမ်းဖက်သမားများ ပိတ်ဆို့တားဆီးထား သည့် အတားအဆီးများအား ရှင်းလင်းစဉ် ထောင်ချောက်မိုင်း ပေါက်ကွဲ၍ ကျဆုံးခဲ့ပြီး ၁၃ ဦးမှာ မူးယစ်ဆေးသုံး အကြမ်းဖက်ဆူပူသူများ၏ အဓမ္မဝင်ရောက် လုံးထွေးအကြမ်းဖက်မှု ကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပြည်သူအများစုအနေဖြင့် အေးချမ်းစွာ နေထိုင်လိုကြသော်လည်း ဆူပူအကြမ်းဖက်သူ လူတစ်စုက အများပြည်သူ အေးချမ်းစွာနေထိုင်မှု ပျက်ဆီးဆုံးရှုံးစေရေးနှင့် အသုံး ပြုလျက်ရှိသော ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်စေရေး ရည်ရွယ်ကာ လမ်းများပေါ်တွင် အတားအဆီးများ ချထားဆောင်ရွက်ခြင်း၊ သေနတ်များ အပါအဝင် အကြမ်းဖက်လက်နက်များ သိုဝှက်ကိုင်ဆောင်ခြင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အသက်အန္တရာယ် ထိခိုက်စေသည်အထိ အကြမ်းဖက်ဆောင်ရွက်မှုများကို ဆောင်ရွက်လာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပေးအပ်ထားသည့် တာဝန်များအရ ဥပဒေနှင့်အညီ အဆင့်ဆင့် တားဆီးဆောင်ရွက်ခဲ့ကြောင်းနှင့် ဖြစ်စဉ်တွင် ဖမ်းဆီးထိန်းသိမ်းရမိသူများကို လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး သေဆုံးသူများနှင့် ပတ်သက်၍ သေမှု၊သေခင်း ရေးဖွင့်လှစ် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။