မြို့နယ်အချို့ရှိ ရဲစခန်းများနှင့် ပညာရေးမှူးရုံးတို့အား အကြမ်းဖက်လူအုပ်စုတို့က အသံမိုင်း၊ မီးကွင်းတို့ဖြင့် ရန်ပြုအကြမ်းဖက်ပစ်ခတ်

မြို့နယ်အချို့ရှိ ရဲစခန်းများနှင့် ပညာရေးမှူးရုံးတို့အား အကြမ်းဖက်လူအုပ်စုတို့က အသံမိုင်း၊ မီးကွင်းတို့ဖြင့် ရန်ပြုအကြမ်းဖက်ပစ်ခတ်

နေပြည်တော်၊ မတ် ၂၂
    
ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရေးတို့အတွက် နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေသူများ၏ သွေးထိုးလှုံ့ဆော်မှုများဖြင့် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လျက် ရှိရာတွင် ရဲကင်း၊ ရဲစခန်းစခန်းများအား လူအင်အားဖြင့် ဝင်ရောက်စီးနင်းခြင်း၊ မီးပုလင်းများ အသုံးပြု၍ မီးရှို့ဖျက်ဆီးရန် ကြံစည်ခြင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်းများအပြင် အများပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန်နှင့် တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်အတွက် အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည် ။
    
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ်လ ၂၁ ရက် ည ၁၂ နာရီခွဲအချိန်တွင် ညောင်လေးပင် မြို့နယ်ရှိ နယ်မြေရဲစခန်းအား ငရှိုင်း(ခ) နေထက်ရှိုင်း(၂၃)နှစ်၊ (ဘ) ဦးဖိုးထောင်ပါ ၂ ဦးသည် ရဲစခန်းခြံစည်းရိုးဘေး ခြုံပုတ်အတွင်းမှ ပုန်းအောင်းကာ ပုဆိုးစနှင့် ဓါတ်ဆီများထည့်ထားသော အဖြူရောင်လေးထောင့် ဖန်ပုလင်းအားမီးရှို့၍ ရဲစခန်းဝင်းအတွင်းသို့ ရန်ပြုပစ်ခတ်ခဲ့၍ ခြံစည်းရိုး ဘေးတွင် လှန်းထားသော အဝတ်အထည်အချို့ မီးလောင်ပျက်စီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ငရှိုင်း(ခ) နေထက်ရှိုင်းပါ ၂ ဦးအား လိုက်လံဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အမှု ဖွင့်လှစ်ထားရှိသည်။
    
အလားတူ ယနေ့နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်တွင် အမျိုးသား ၂ ဦး(စိစစ်ဆဲ) မောင်းနှင် လာသော ဆိုင်ကယ် ၁ စီးသည် လားရှိုးမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအား အသံမိုင်း ဖြင့် ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး အဆိုပါအသံမိုင်းမှာ ရုံးနှင့် ပေ ၃၀ အကွာရှိ ဂိုဒေါင် အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ လူနှင့် အဆောက်အဦများ ထိခိုက်ပျက်ဆီးမှု မရှိကြောင်းနှင့် အကြမ်းဖက်ရန်ပြုပစ်ခတ်မှုကျူးလွန်သူအား ဖမ်းဆီးရမိနိုင်ရေး လိုက်လံစုံစမ်းရှာဖွေလျက်ရှိကြောင်း သိရှိရပါသည်။
    
ထို့ပြင် ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် တံတားဦးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ စိတ္တမဟီလမ်းရှိ မြို့နယ်ပညာရေးမှူးရုံး၌ အခြေခံပညာမူလတန်းကျောင်းအုပ် စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်လျက်သော မြတ်ပညာသင်တန်းခန်းမရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး  အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ခန်းမပတ်ဝန်းကျင်တွင် ပေါက်ကွဲပြီး လက်လုပ်အသံမိုင်း ၂ လုံးအား တွေ့ရှိ ခဲ့သည်။ 
    
ဖြစ်စဉ်အားစိစစ်ခဲ့ရာ အမျိုးသား ၂ ဦး(စိစစ်ဆဲ)မှ စိတ္တမဟီလမ်းမအတိုင်း ဆိုင်ကယ် တစ်စီးဖြင့် မောင်းနှင်လာပြီး လက်လုပ်အသံမိုင်း ၂ လုံးအား ကျောင်းဝင်းအတွင်းသို့ ပစ်သွင်းခဲ့ခြင်းကြောင့် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်းသိရှိရကာ ပြည်သူလူထုအထိတ်အလန့်ဖြစ်စေရန်နှင့် တည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်ပြုလုပ်သည့် လက်လုပ်အသံမိုင်း ပေါက်ကွဲမှုဖြစ်ကြောင်း သိရှိ ရပါသည်။
    
ဆူပူအကြမ်းဖက်သူများအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးအား အလေးထားဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရုံး၊ ရဲစခန်းများအား အကြောင်းမဲ့ ရန်ပြု အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးအင်အား တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်းနှင့် အလားတူအကြမ်းဖက်မှုမျိုး ထပ်မံမဖြစ်ပေါ်စေရေးအတွက် ကျူးလွန်သူများအပြင် သွေးထိုးလှုံဆော်သူများအားလည်း ထိရောက်စွာဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။