နေပြည်တော် ဧပြီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်ရှိ အုပ်ချုပ်ရေး မှူးရုံးအား ယနေ့နံနက် ၁ နာရီ ၄ဝ မိနစ်ခန့်တွင် လည်းကောင်း၊ အင်းစိန်မြို့နယ်၊ ဗဟိုလမ်းရှိ ကြို့ကုန်းအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ယနေ့နံနက် ၄ နာရီ ၃၂ မိနစ်ခန့်တွင်လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား ယနေ့နံနက် ၂ နာရီ ၅ဝ မိနစ်ခန့်တွင် လည်းကောင်း ဆူပူအကြမ်းဖက်သူများက မီးပုလင်းများ၊ မီးကွင်းများဖြင့် ပစ်ပေါက်ခြင်း၊ ရုံးများအတွင်းသို့ ဝင်ရောက်မီးရှို့ခြင်းတို့ကြောင့် မီးလောင်မှုများ ဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေရာများသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားခဲ့သည်။
အထက်ပါမီးလောင်မှုများကြောင့် လူ၊ တိရစ္ဆာန်ထိခိုက် သေဆုံးမှု မရှိကြောင်းနှင့် ရုံးများအတွင်းရှိ ပရိဘောဂများ၊ မျက်နှာကြက်များနှင့် စာရွက်စာတမ်းအချို့ မီးလောင် ပျက်စီးခဲ့ကြောင်းနှင့် ဖြစ်စဉ်အား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၁၆)ရှိ မြို့မရဲစခန်းအား ဧပြီ ၈ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင်လည်းကောင်း၊ ည ၇ နာရီ ၅၅ မိနစ်ခန့်တွင် ရပ်ကွက်(၃)၊ နယ်မြေ(၁၆)၊ ရွှေလဝန်းစာရေး ကိရိယာဆိုင်အနီး၌ လည်းကောင်း၊ ည ၈ နာရီခန့်တွင် ရပ်ကွက်(၄)၊ နယ်မြေ(၄)၊ ယာဉ်ထိန်း ရဲကင်းရုံအနီး၌လည်းကောင်း ဆူပူအကြမ်းဖက်သူ လူတစ်စုက လက်ပစ်ဗုံးများဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့ပြီး အဆိုပါ ပစ်ခတ်မှုများကြောင့် လူ၊ တိရစ္ဆာန်ထိခိုက် ပျက်စီးမှု မရှိကြောင်း သိရှိရသည်။
အလားတူ ယနေ့နံနက် ၉ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်ကားလမ်း၊ ၁၄/၄ မိုင်၊ အုန်းချောကျေးရွာအနီး ဒေါ်ခင်လှ ပိုင်ဆိုင် သော ခြံအတွင်း၌ မျိုးမင်းစိုး(ဘ)ဦအေးကို သည် တံမြက်စည်း လှည်းနေစဉ် အမည်းရောင် ပလတ်စတစ်အိတ်အား တိပ်အကြည်ဖြင့် ပတ်ထားသည်ကို တွေ့ရှိရသဖြင့် ကိုင်ကြည့်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်းတွင် ဝဲလက်ဖျံ ပုလင်းကွဲရှ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဘီယာပုလင်း ၃ လုံးအတွင်း အမိုနီယံနိုက်ထရိတ်များ ထည့်ထားသည့် ဒေသန္တရ လက်လုပ်ပုလင်းမိုင်းများ ဖြစ်ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်များတွင် မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်သူများနှင့် ပါဝင်ပတ်သက်သူများအား တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် အမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်း ရရှိသည်။