နေပြည်တော်၊ မတ် - ၂၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ စံပြနယ်မြေရှိ ခရိုင်ပညာရေး မှူးရုံးအား ဆူပူအကြမ်းဖက်သူ ၂ ဦးက မတ် ၂၈ ရက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ အဆိုပါ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်မှုကြောင့် ခရိုင်ပညာရေးမှူးရုံး အတွင်းရှိ ရုံးနှစ်ထပ်ဆောင်၏ အောက်ထပ်နှင့် အပေါ်ထပ်ပြူတင်း တံခါးများတွင် တပ်ဆင်ထားသော မှန် ၂၃ ချပ်၊ မျက်နှာကျက် ၂ ချပ်၊ ၆ ပေသွပ် ၁ ချပ် ပျက်စီးခဲ့ပြီး ခရိုင်ပညာရေးမှူးရုံးမှ ဝန်ထမ်းတစ်ဦး၏ ယာပုခုံးဘေးတွင် မှန်ကွဲစထိမှန်ဒဏ်ရာ ရရှိသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မြို့နယ်ရဲစခန်းအား မတ် ၂၈ ရက် ည ၆ နာရီခန့်တွင် ဆူပူအကြမ်းဖက်သူ လူတစ်စုက လက်လုပ်မိုင်းများ၊ မီးပုလင်းများဖြင့် ပစ်ခတ်ခဲ့သဖြင့် ရဲစခန်းအုတ်တံတိုင်းနံရံအနီး မီးလောင်ကျွမ်းခြင်း၊ လူပျိုဆောင် မီးအနည်းငယ်လောင်ကျွမ်းခြင်းတို့ ဖြစ်ပေါ်ခဲ့သဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည ၆ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပြီး ၎င်းနေရာတစ်ဝိုက်အား အသေးစိတ်စစ်ဆေးရာ ခြံစည်းရိုးအနီး၌ အချင်း၂ လက်မခန့်ရှိ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း ၁ လုံး၊ ပေါက်ကွဲပြီး လက်လုပ်မိုင်း အပိုင်းအစများနှင့် မီးပုလင်း ၅ လုံးတို့အား တွေ့ရှိခဲ့ရသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအား မတ် ၂၈ ရက် ည ၁၁ နာရီခန့်တွင် ဆူပူအကြမ်းဖက် သူလူတစ်စုက မီးပုလင်းဖြင့် ပစ်ပေါက်သွားသဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ပူးပေါင်း၍ မီးသတ်ယာဉ် ၃ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။
အလားတူ ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ တိုင်းပြည်ခိုင်ဖြိုး ပါတီရုံးအား ဆူပူအကြမ်းဖက်သူလူတစ်စုက မတ် ၂၈ ရက် ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် မီးပုလင်းဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် တံခါးမှန်ကွဲအပ်ကာ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် တာဝန်သိ ပြည်သူတစ်ဦးမှ မီးငြှိမ်းသတ်ခဲ့သည်။ ထို့ပြင် ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်၊ မဟာဘောဓိလမ်း ရှိ DONG LONG အထည်ချုပ်စက်ရုံအား မတ် ၂၈ ရက် ည ၇ နာရီခွဲခန့်တွင် ဆူပူအကြမ်း ဖက်သူ ၈ ဦးခန့်က ဆိုင်ကယ်များဖြင့် မဟာစေတီလမ်းဘက်မှ ရောက်ရှိလာပြီး စက်ရုံဝန်း အတွင်းသို့ မီးပုလင်းများဖြင့် ပစ်ခတ်ပြီး မြို့ရှောင်လမ်းအတိုင်း ထွက်ပြေးသွားခဲ့သည်။ အဆိုပါ ပစ်ခတ်မှုကြောင့် စက်ရုံအတွင်းရှိ ပစ္စည်းများ မီးလောင်ကျွမ်းမှုမရှိကြောင်း သိရှိရသည်။
၎င်းအပြင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ (၈)ရပ်ကွက်၊ ဂရိတ်လမ်းဆုံရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့သုံး မီးပွိုင့်ထိန်းသိမ်းရေး အဆောက်အဦအား ဆူပူအကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ဂန့်ဂေါ-ကလေးကားလမ်း မိုင်တိုင် အမှတ်(၅၃/၄)မိုင်ရှိ မြောင်းချောင်းတံတား၊ တံတားအမှတ်(၃/၅၃) အရှည် ၁၈၆ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၂၀ ပေခန့်ရှိ သံဘောင်ဘေလီ အမျိုးအစားအား ယနေ့နံနက် ၃ နာရီခွဲခန့်တွင် ဆူပူအကြမ်းဖက်သူ လူတစ်စုက မီးရှို့ဖျက်ဆီးခဲ့သဖြင့် တံတားချဉ်းကပ်လမ်း နှစ်ဖက်ရှိ သစ်သားအခင်း ၆ ပေခန့်စီ မီးလောင်ပျက်စီးမ ဖြစ်ပွားခဲ့သည်။အဆိုပါမီးလောင် ပျက်စီးမှုကြောင့် ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပုံမှန်အတိုင်းသွားလာနိုင်ရေး တံတားအားပြုပြင်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
အထက်ဖြစ်စဉ်များမှ အကြမ်းဖက် အဖျက်အမှောင့် လုပ်ဆောင်သူများအား ဥပဒေအရ ထိထိရောက်ရောက် အရေးယူနိုင်ရေးအတွက် အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။