မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ လမ်း၊ တံတား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိသည့် လုပ်ငန်း အခြေအနေတို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁၇

    ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးရွှေလေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီ ၁၄ ရက်တွင် B.O.T စနစ်ဖြင့် ဆောင်ရွက်သော ဘုရားကြီး-ကျိုက်ထို-မော်လမြိုင်လမ်း(ဘုရားကြီး - ကျိုက်ထိုအပိုင်း)တံတား ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ အရှေ့-အနောက် စီးပွားရေး စင်္ကြံလမ်းမ ကြီးအပိုင်းတွင် ပါဝင်သည့်   ကျိုက်ထိုမြို့ရှောင်လမ်း   ဆောင်ရွက် ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား   လုပ်ငန်း လိုအပ်ချက်များမှာကြားသည်။

    ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  မော်လမြိုင်-သံဖြူဇရပ်- ရေး- ထားဝယ်  လမ်းအပိုင်းအား  ၂၄  ပေ အကျယ် ကတ္တရာကွန်ကရစ် (AC)ခင်းနေမှု အခြေအနေကို လည်းကောင်း၊  မိုင်တိုင် အမှတ်(၄၅/ဝ နှင့် ၄၆/ဝ)ကြားရှိ ကလောပိတံတားကြံ့ခိုင်မှု ၊ တံတား အဝင်/အထွက် ကျောက်ခင်းခြင်း၊ လမ်းသား ရေတိုက်စားမှုကာကွယ်ရန် မြေထိန်းနံရံ တည်ဆောက်နေမှု အခြေအနေကို လည်းကောင်း၊ မိုင်တိုင်အမှတ် (၆၅/၄ မှ ၇၂/၇ အထိ)ကတ္တရာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ၂၄ ပေ အကျယ် နှစ်လမ်းသွားအဖြစ် လမ်းလယ်မျဉ်းဆွဲခြင်း လုပ်ငန်းများ  ဆောင်ရွက်နေမှုတို့ကို အသေးစိတ် လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

    ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့သည် ဖေဖော်ဝါရီ ၁၅ ရက်တွင်   ထားဝယ်မြို့ ရှောင်လမ်း   ဆောင်ရွက်ထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေးရာ တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဇော်ဝင်းက ထားဝယ်မြို့ရှောင်လမ်း ဆောင်ရွက်ထားရှိမှု အခြေအနေ၊ အဆိုပါ လမ်းပေါ်တွင် လမ်းဦးစီးဌာန ထားဝယ်ခရိုင် ထားဝယ်မြို့နယ်မှ မိုင်တိုင် (၄ ဒသမ ၃ ကီလိုမီတာနှင့် ၆ ကီလိုမီတာကြားတွင်)  အရှည် ၁၂ ဒသမ ၁၉ မီတာ သံကူကွန်ကရစ် တံတားတစ်စင်းနှင့် အရှည် ၁၅ ဒသမ၂၄ မီတာ သံကူကွန်ကရစ် တံတားတစ်စင်း စုစုပေါင်း နှစ်စင်း တည်ဆောက်ထားရှိမှု အခြေအနေကို လည်းကောင်း၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄)မှ တာဝန်ရှိသူက ပေါက်တိုင်းတံတား တည်ဆောက်နေမှု အခြေအနေကို လည်းကောင်း အသေးစိတ် ရှင်းလင်း တင်ပြကြသည်။

    ထို့နောက်   တိုင်းဒေသကြီးအတွင်း တာဝန်ယူဆောင်ရွက်သည့် အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးတို့က မိမိတို့တာဝန်ယူ ဆောင်ရွက်သည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို Power  Point ဖြင့် အသီးသီး ရှင်းလင်းတင်ပြမှုတို့အပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။