ယခုနှစ်အတွက် ငါးမဖမ်းရကာလကို ယခင်နှစ်ထက် ရှေ့တစ်လတိုး၍ သုံးလသတ်မှတ်
ရန်ကုန် ဇန်နဝါရီ ၁၃
ယခုနှစ်အတွက် ငါးမဖမ်းရကာလကိုယခင်နှစ်သတ်မှတ်ချက်နှင့်မတူဘဲ ရှေ့တစ်လတိုး၍ မေ ၁ ရက်မှ ဇူလိုင် ၃၁ ရက် အထိ သုံးလသတ်မှတ်လိုက်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးထံမှ သိရသည်။
]]ငါးမဖမ်းရကာလကို မေ၊ ဇွန်၊ ဇူလိုင်သုံးလသတ်မှတ်ထားပါတယ်။ အရင်ကဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေကို သတ်မှတ်ခဲ့ပေမယ့် ဒီနှစ်က ငါးအများဆုံးသားပေါက်တဲ့ရာသီနဲ့နီးအောင် ရှေ့တိုးလိုက်တာပါ။
ငါးမဖမ်းရဧရိယာက ကမ်းဝေးဧရိယာအားလုံးပါဝင်တယ်။ ရေသယံဇာတထိန်းသိမ်းဖို့ ကမ်းဝေးငါးဖမ်းလှေအားလုံးကိုပိတ်တာပါဟု ဦးမြင့်ဇင်ထူးကပြောသည်။ငါးမဖမ်းရကာလနှင့်အတူ ငါးမဖမ်းရဧရိယာများအဖြစ် မြန်မာ့ပင်လယ်ပြင်ငါးဖမ်းကွက်အမှတ် ( A1 မှ A20) အထိ၊ (B1 မှ B10) အထိ ငါးလုပ်ငန်းရေပြင်များ၊ (B11 မှ B20) ) အထိ၊ (C1 မှ C25) အထိ၊ ((D1 မှD29 ) အထိ၊ (E1 မှ E25) အထိ၊ (F1 မှF21) အထိပါဝင်ကြောင်း ဖော်ပြထားကာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူးများအနေဖြင့် မိမိတို့တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များအတွင်းအခြေပြုပြီး လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် ကမ်းဝေးပင်လယ်ငါးဖမ်းရေယာဉ်အားလုံးမှလုပ်ငန်းရှင်များကို တိကျစွာလိုက်နာဆောင်ရွက်ရေး အသိပေးကြပ်မတ်ဆောင်ရွက်ကြရန် ညွှန်ကြားထားသည်။
မြန်မာ့ပင်လယ်ပြင်ငါးလုပ်ငန်းဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မ(၂၃)တို့၌ ခွင့်ပြုထားသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီး ငါး၊ ပုစွန်သားပေါက်သည့် ရာသီချိန်တွင် ငါးနှင့် သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ ညွှန်ကြားချက်ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
ဆုလာဘ်