ယခုနှစ်အတွင်း ပဲမျိုးစုံ နှမ်းနှင့်ပြောင်းဈေးကောင်းရနေသောကြောင့် စိုက်ဧကတိုးချဲ့ပါက အဆင်ပြေနိုင်
ယခုနှစ်အတွင်း ပဲမျိုးစုံ၊ နှမ်းနှင့် ပြောင်းဈေးကောင်းရနေသောကြောင့် စိုက်ဧက တိုးချဲ့ပါက အဆင်ပြေ နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ပဲမျိုးစုံနှင့် နှမ်း ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးညွန့်ဝေ ၏ ပြောပြချက်အရ သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံအထက်ပိုင်းရှိ ဒေသအများအပြား၌ ပဲမျိုးစုံ၊ နှမ်းနှင့် ပြောင်း ဈေးကွက် လိုအပ်ချက်များ ရှိနေသောကြောင့် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း သိရသည်။
“ လက်ရှိ မြန်မာနိုင်ငံအလယ်ပိုင်းမှာ မိုးကနည်းနည်းခေါင်နေတော့ စိုက်ရမှာ တွေ အပြီးမစိုက်နိုင်ဘူး။ နောက်မိုးရွာလို့ စိုက်မယ်ဆိုရင်တော့ တောင်သူတွေအနေနဲ့ ပဲအားလုံးကိုစိုက်သင့်ပါတယ်။ ဒီနှစ်က တော့ ဘာသီးနှံပဲစိုက်စိုက် ဖြစ်ထွန်း အောင်စိုက်မယ်ဆိုရင် ဈေးကောင်းရနိုင်မှာပါ” ဟု ဦးညွန့်ဝေက ပြောသည်။
ထို့ပြင် ပြောင်းဝယ်လိုအားရှိသော ကြောင့် ဈေးနှုန်းမြင့်တက်နေပြီး ပြည်တွင်း၌ ပဲစင်းငုံလက်ကျန် မရှိသလောက်နည်း ပါးနေသည့်အပြင် ပြည်ပလိုအပ်ချက်လည်း များပြားလျက်ရှိသည်။ ယခုနှစ်အတွင်း ပြောင်းကို ထိုင်းနိုင်ငံအပြင် တရုတ်နိုင်ငံမှပါ ဝယ်လိုအားရှိ နေပြီး နှမ်းဈေးကွက်မှာလည်း တရုတ် ဝယ်လိုအားယာယီရပ်တန့်ချိန်တွင် အရည် အသွေးကောင်းနှမ်းများ အရောင်းအဝယ် ဖြစ်လေ့ရှိသည်။
ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ပဲတင် သွင်းခွင့်မူဝါဒအပြောင်းအလဲနှင့် ပဲလိုအပ် ချက်များကြောင့် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီ စိမ်းများ အဝယ်လိုက်ခဲ့သည့်အပြင် မတ်ပဲ နှင့် ပဲစင်းငုံကို ငါးနှစ်ဆက်တိုက်ဝယ်ယူ ရန် အိန္ဒိယနိုင်ငံနှင့် အစိုးရချင်း နှစ်နိုင်ငံ သဘောတူညီမှုများ လက်မှတ်ရေးထိုးထားသဖြင့် လာမည့်နှစ်များ အတွက်လည်း ဈေးကွက်ခိုင်မာမှုများရှိနိုင်သည်။
အိန္ဒိယနိုင်ငံအနေဖြင့် COVID-19 ရောဂါနှင့် ရာသီဥတုအခြေအနေတို့ကြောင့် ပဲလိုအပ်ချက် မြင့်တက် လာပြီး ပဲတင်သွင်းမှုကန့်သတ်ချက်များကို ဖြေလျှော့ကာ လွတ်လပ်စွာတင်သွင်းခွင့်ပြုခဲ့သည့်အပြင် နှစ်စဉ်ဝယ်ယူရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအခြေအနေအရ ယခင်နှစ် ကာလတူထက် ပဲစင်းငုံ၊ မတ်ပဲတို့ကို ပိုမို တင်ပို့ထားနိုင်ကြောင်းနှင့် ဆက်လက် တင်ပို့နိုင်မည့်အခြေအနေများရှိကြောင်း၊ ပို့ကုန်ပဲများကို အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ဖက် နိုင်ငံများသို့ G to G စာချုပ် ချုပ်ဆိုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
နေနေ