ယခုနှစ်အတွင်း MMA ပြိုင်ပွဲသုံးပွဲမှ လေးပွဲအထိ ယှဉ်ပြိုင်လိုကြောင်း ကချင်တိုင်းရင်းသား အောင်လအန်ဆန်က One Championship နှင့် ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့သည်။
အောင်လအန်ဆန်သည် ၂၀၂၀ ပြည့်နှစ် အတွင်း COVID-19 ရောဂါအခြေအနေကြောင့် MNA ပြိုင်ပွဲတစ်ပွဲသာ ယှဉ်ပြိုင်ခဲ့ရသည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်တွင် စင်ကာပူနိုင်ငံ အမျိုးသားအားကစားရုံ၌ ကျင်းပခဲ့သည့် MNA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင် အောင်လအန်ဆန်သည် စိန်ခေါ်သူဒီရစ်ဒါကို ပထမအချီ အတွင်း ချုပ်ကွက်မိကာရှုံးနိမ့်ခဲ့ပြီး ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရသည်။
ထို့ကြောင့် ယခုနှစ်အတွင်း မစ်ဒယ်ဝိတ်တန်းချန်ပီယံစိန်ခေါ်ပွဲအပါအဝင် MNA ပြိုင်ပွဲသုံးပွဲမှ လေးပွဲအထိ ယှဉ်ပြိုင်လိုကြောင်း အောင်လအန်ဆန်ကပြောသည်။
“ကျွန်တော့်အနေနဲ့ ဒီနှစ်မှာ MNA ပြိုင်ပွဲသုံးပွဲကနေ လေးပွဲအထိ ယှဉ်ပြိုင်လိုပါတယ်။ လက်ရှိမှာ ပြိုင်ပွဲစီစဉ်ရတာ မလွယ်ဘူးဆိုတာတော့သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဘက်က One Championship က စီစဉ်ပေးနိုင်ရင် အဆင်သင့်ဖြစ်အောင်လို့ သုံးပွဲကနေ လေးပွဲအထိ ယှဉ်ပြိုင်နိုင်အောင်ပြင်ဆင်ပါမယ်။ ဒီနှစ်ထဲမှာ အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ဖို့ ကြိုးစားနေပါတယ်။ ကစားဖော်တွေနဲ့လည်း သေချာလေ့ကျင့်နေပြီး Ground Game ကို ပိုကောင်းအောင်လည်း ပြင်ဆင်နေပါတယ်။ ဒီနှစ်ထဲမှာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ပြန်ရယူနိုင်အောင် ကြိုးစားမှာဖြစ်သလို လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကိုလည်း ကာကွယ်နိုင်အောင် လုပ်ဆောင်သွားပါမယ်” ဟု အောင်လအန်ဆန်က ပြောသည်။
အောင်လအန်ဆန်အနေဖြင့် မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ် ရရှိခဲ့သည့် ၂၀၁၇ ခုနှစ်နောက်ပိုင်း သုံးနှစ်ကျော်အတွင်း ရှုံးပွဲမရှိခဲ့ဘဲ ဒီရစ်ဒါနှင့်ပွဲစဉ်၌ ပထမဆုံး ရှုံးပွဲပြန်လည်တွေ့ကြုံခဲ့ရကာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရသည်။
အောင်လအန်ဆန်သည် MNA မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရသော်လည်း လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံအဖြစ် ဆက်လက်ရပ်တည်နေသည်။
အသက် ၃၆ နှစ်အရွယ် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် MNA ပြိုင်ပွဲတစ်လျှောက် ၃၇ ပွဲယှဉ်ပြိုင်ထားပြီး ၂၆ ပွဲနိုင်၊ ၁၁ ပွဲရှုံးနိမ့်ထားကြောင်း သိရသည်။
ကိုရဲ