ယနေ့ထုတ်ပြန်ချက်အရ COVID-19  ရောဂါ ပိုးတွေ့လူနာ ၃၉ ဦး ထပ်တိုး

နေပြည်တော် ဖေဖော်ဝါရီ ၁ဝ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာ ၃၉ ဦးနှင့်  သေဆုံးသူ တစ်ဦးရှိကြောင်း သိရသည်။

(၉-၂-၂ဝ၂၁)ရက် ည  ၈  နာရီမှ (၁ဝ-၂-၂ဝ၂၁)ရက် ည  ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၉၉၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၉ ဦး တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၂၄၆၉၇၂ဝ အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၁၄၁၄၈၇ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၂၅၅ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၂၈၆၉၂ ဦးဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ တစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း၃၁၈၁ ဦးရှိသည်။

ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တစ်ပြည်လုံး အတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် ''ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက် (mask  and  face  shield  campaign)၌ ပါဝင်သော ဆောင်ရွက်ရမည့် အချက်များကို တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းနှင့် ''တစ်ဦးကိုတစ်ဦး အသိပေးခြင်း/ သတိပေးခြင်း မိသားစုစီမံချက်''အတိုင်း COVID-19 ရောဂါ ကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ ဆောင်ရွက်မှသာလျှင်   ရောဂါကူးစက် ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ထားသည်။