ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၁၉ ဦးထပ်တိုး

နေပြည်တော်  ဖေဖော်ဝါရီ  ၁၈

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၁၉ ဦးနှင့် သေဆုံးသူတစ်ဦးရှိကြောင်း သိရသည်။

(၁၇-၂-၂၀၂၁) ရက် ည ၈ နာရီမှ (၁၈-၂-၂၀၂၁) ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၈၈၉ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၉ ဦးတွေ့ရှိရသည်။ သို့ဖြစ်ပါ၍ ယနေ့ အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၂၄၈၀၂၉၄ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း  ၁၄၁၇၀၉ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၂၂၇ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၁၁၇၁ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်သည်။ COVID-19 ရောဂါဖြင့်ထပ်မံသေဆုံးသူတစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၃၁၉၃ ဦးရှိသည်။

ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တစ်ပြည်လုံး အတိုင်းအတာဖြင့် ဆောင်ရွက် နေသည့် “ပါးစပ်နှင့်နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေးလူထုလှုပ်ရှားမှုစီမံချက်(mask and face shield campaign)” ၌ ပါဝင်သော ဆောင်ရွက်ရမည့်အချက်များကို တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့် “တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစုစီမံချက်” အတိုင်း COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ဆောင်ရွက်မှသာလျှင် ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။          

(၅၀၀)