ယူကရိန်းက အမေရိကန်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်နေစဉ် ရုရှားက ပင်လယ်နက်ရှိ ပစ်မှတ်များကို ဒုံးကျည်များဖြင့် ပစ်ခတ်

ယူကရိန်းက အမေရိကန်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်နေစဉ် ရုရှားက ပင်လယ်နက်ရှိ ပစ်မှတ်များကို ဒုံးကျည်များဖြင့် ပစ်ခတ်

ယူကရိန်းနှင့်  အမေရိကန်နိုင်ငံတို့က ပူးတွဲစစ်ရေးလေ့ကျင့်ခန်း  ပြုလုပ်နေစဉ် ရုရှားရေတပ်က ဘက်ရှင်းအမည်ရှိ ကမ်းရိုးတန်းဒုံးကျည် ကာကွယ်ရေးစနစ်ကို အသုံးပြုကာ  ပင်လယ်နက်ဒေသရှိ ပစ်မှတ်များကို ဒုံးကျည်များဖြင့် ပစ်ခတ်ကြောင်း  ရုရှားကာကွယ်ရေးဝန်ကြီးဌာနက  စက်တင်ဘာ ၂၃ ရက်တွင်ပြောသည်။

ရုရှားရေတပ်၏ ပင်လယ်နက်ရေယာဉ်စုက ဘက်ရှင်းဒုံးကျည် ကာကွယ်ရေးစနစ်ဖြင့် ရေပြင်ပစ်မှတ်များကို ရှာဖွေ ဖျက်ဆီးခြင်း လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းဖြစ်သည်။

အဆိုပါ  ဒုံးကျည်ကာကွယ်ရေးစနစ်သည်  မြေပြင်မှမြေပြင်ပစ် ဒုံးကျည်များကို အသုံးပြုသည့်အပြင် သင်္ဘောဖျက်စွမ်းရည် ကိုပိုင်ဆိုင်ကာ ရွေ့လျားအဆင့်မြင့် ကာကွယ်ရေး စနစ်တစ်ခုဖြစ်ကြောင်း  ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုစနစ်သည်  ယာဉ်တင်ဒုံးကျည်များဖြင့် ပစ်မှတ်များကို   တိုက်ခိုက်နိုင်ခြင်းဖြစ်ကြောင်းနှင့် ယခုလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင် များက ဖုံးကွယ်ထားသော နေရာများမှ နေ၍  ဒုံးကျည်များကို ပစ်ခတ်ပြီး သဏ္ဌာန်တူပြုလုပ် ထားသည့် ရန်သူ့သင်္ဘောအုပ်ကို ထောက်လှမ်းရန်  ဒရုန်းများကို အသုံးပြုကြောင်း   ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ဗီဒီယိုတွင် ဖော်ပြထားသည်။

ဘက်ရှင်းကမ်းရိုးတန်း ဒုံးကျည်ကာကွယ်ရေး စနစ်သည် အကွာအဝေး ကီလိုမီတာ ၃၅ဝ ရှိ ရေပြင်ပစ်မှတ်များနှင့် အကွာအဝေး ကီလိုမီတာ ၄၅ဝ ရှိ မြေပြင်ပစ်မှတ်များကို ထိမှန်အောင်   ပစ်ခတ်နိုင်စွမ်းရှိကြောင်း ကာကွယ်ရေး ဝန်ကြီးက ပြောသည်။

ယူကရိန်းနိုင်ငံ၌ပြုလုပ်နေသည့် စစ်ရေးလေ့ကျင့်ခန်းများတွင်  အမေရိကန်နိုင်ငံအပြင် NATO  တပ်ဖွဲ့ဝင်နိုင်ငံများလည်း ပါဝင်ကာ အောက်တိုဘာ ၁ ရက်အထိ လေ့ကျင့်သွားမည်ဖြစ်သည်။

ယခုလအစောပိုင်းတွင် ရုရှားနှင့် ဘယ်လာရု(စ်)တို့က  စစ်ရေး လေ့ကျင့်ခန်းကြီး တစ်ခုကို လုပ်ဆောင်ပြီးနောက် အနောက်နိုင်ငံများက ထိုစစ်ရေး လေ့ကျင့်ခန်းကို အန္တရာယ်အချက်ပေး ခေါင်းလောင်းအဖြစ် သတ်မှတ်ကာ ယခုပူးတွဲစစ်ရေး လေ့ကျင့်ခန်းကို လုပ်ဆောင်ခြင်းဖြစ်သည်။

ရုရှားအစိုးရကို လိုလားသော ခွဲထွက်ရေးသမားများက  ယူကရိန်းအစိုးရ တပ်ဖွဲ့များနှင့် ခုနစ်နှစ်ကြာ တိုက်ပွဲများဖြစ်ပွားပြီး နောက် ယူကရိန်းနှင့် ရုရှားအစိုးရတို့ကြား ဆက်ဆံရေး ယိုယွင်းလာခြင်းဖြစ်သည်။

Ref: TST