နေပြည်တော် ဇွန် ၂၇
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက်ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)၊ သီလဝါ ဓာတ်အားပေးစက်ရုံနှင့် ၂၃၀ ကေဗွီ သီလဝါဓာတ်အားခွဲရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ်ရှိ မြန်မာ့ရေနံဓာတု ဗေဒလုပ်ငန်း၊ အမှတ်(၁)ရေနံချက် စက်ရုံဝင်း အတွင်းရှိ စက်ဆီ/ချောဆီရောစပ်စက်ရုံ သို့ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့်တာဝန်ရှိသူများက စက်ရုံ ပြုပြင်ခြင်း၊ စက်ပစ္စည်းအသစ် လဲလှယ်ခြင်းနှင့် Facilities များပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စက်ဆီ^ချောဆီများ ပြည်ပမှတင်သွင်းရသဖြင့် နိုင်ငံခြားငွေ
သုံးစွဲမှုကို တစ်စိတ်တစ်ပိုင်းလျှော့ချပြီး ပြည်တွင်းတွင် ထုတ်လုပ်နိုင်ရေးအတွက် စက်ရုံပြင်ဆင်ပြုပြင်ခြင်း လုပ်ငန်းများအား အမြန်ဆုံး ဆောင်ရွက်ကာ လည်ပတ်သွားနိုင်ရေးဆောင်ရွက်သွားရန်နှင့် စက်ရုံ၊ အလုပ်ရုံ၊ ယာဉ်ယန္တရားများအတွက် လိုအပ်သော စက်ဆီ/ချောဆီများအား အမြန်ဆုံးထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး စက်ဆီ/ချောဆီစက်ရုံအတွင်း ပြုပြင် မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ စက်ဆီ/ချောဆီစက်ရုံသည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အမှတ်(၁) ရေနံချက်စက်ရုံဝင်းအတွင်း တည်ရှိပြီး ပြည်ပမှ တင်သွင်းသည့် Lube Base Oil နှင့် Additives တို့ကို လိုအပ်သည့် စက်ဆီ/ချောဆီ အမျိုးအစားရရှိရန် ရောစပ်ခြင်း (Blending)ဖြစ်ပြီး စက်ဆီ/ချောဆီအမျိုးအစား ၂၈ မျိုးအား ရောစပ်ပေးနိုင်ကာ စက်ရုံ၏မူလစက်စွမ်းအားမှာ တစ်နှစ်လျှင် စက်ဆီ/ချောဆီတန်ချိန် ၂၅၀၀၀ ရောစပ်ပေးနိုင်ခဲ့ပြီး စက်စတင်လည်ပတ်သည်မှ ၂၀၁၂-၂၀၁၃ ခုနှစ်အထိ ဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံများ၊ အလုပ်ရုံများ၊ စက်ယန္တရားများနှင့် မြန်မာ့မီးရထားလုပ်ငန်းတို့အတွက် လိုအပ်သော စက်ဆီ/ချောဆီများ အား ရောစပ်ဖြန့်ဖြူးပေးနိုင်သည်။ ယခုအခါ မူလစက်စွမ်းအား၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့်တစ်နှစ်လျှင် တန်ချိန် ၁၂၅၀၀ တန် ရောစပ်ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကာ မိမိတို့ဝန်ကြီးဌာနနှင့် အခြားသောဝန်ကြီးဌာနများအတွက် စက်ဆီ/ချောဆီများ ပြန်လည် ထုတ်လုပ်နိုင်ရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ သီလဝါ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံဝင်းအတွင်းရှိ ၂၃၀ ကေဗွီသီလဝါဓာတ်အားခွဲရုံသို့ရောက်ရှိရာ စက်ရုံမှူးက ဓာတ်အားပေး စက်ရုံနှင့် ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပေးစက်ကြီးများ မောင်းနှင်နေမှုအခြေအနေနှင့် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးသန်းနိုင်ဦးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စက်စွမ်းအားပြည့် မောင်းနှင်နိုင်ရေးအတွက် ဓာတ်အားပေး စက်များ၊ ဓာတ်အားခွဲရုံများ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်သွားရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အား ပြတ်တောက်မှုမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(၅၀၀)