ရန်ကုန်တိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြင့် မင်းမဲ့စရိုက်ဆန်စွာဆူပူအကြမ်းဖက်သူများအား ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက် နေပြည်တော်၊ မတ် - ၄ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံမှ ဖွံ့ဖြိုး

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြင့် မင်းမဲ့စရိုက်ဆန်စွာဆူပူအကြမ်းဖက်သူများအား ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက် 

နေပြည်တော်၊ မတ် - ၄ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့်အညီ စီမံအုပ်ချုပ်မှုဆောင် ရွက်လျက်ရှိရာတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို မလိုလားသူအုပ်စုအချို့က မင်းမဲ့စရိုက် ဆန်သောလူအုပ်စု (Anarchy Mob) အသွင်ဖြင့် မြို့ကြီးအချို့တွင် အကြမ်းဖက်လုပ်ရပ်များ ကို ဆောင်ရွက်လျက်ရှိသည်။ 

ထို့ပြင် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်အကြမ်းဖက်ဆောင်ရွက်နေသော အစုအဖွဲ့များက လူငယ်ထုကို ရှေ့တန်းတင်ကာ  နိုင်ငံအဝန်း ဆူပူမှုများဆက်တိုက်ဖြစ်ပွားစေရန်၊ လမ်းပေါ်ရောက်ရှိအုံကြွစေရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံစေရေးတို့အတွက် သွေးထိုးလှုံ့ဆော်လျက်ရှိသည်။ 

ထိုသို့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို မလိုလားသူအုပ်စုအချို့၏ သွေးထိုးလှုံ့ဆော် မှုများကြောင့် မတ် ၃ ရက် နံနက် ၉ နာရီချိန်မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မြို့နယ်၊ (ဋ)ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးပေါ်ရှိ ကန်သာယာလမ်းဆုံနေရာ၌ NLD ပါတီဝင် ၂ ဦးဖြစ်သည့် ဦးဇော်လွင် နှင့် ဦးအုန်းဟန် တို့ ၂ ဦး ဦးဆောင်သော ဆူပူဆန္ဒပြသူအင်အား ၃၅၀၀ ဦးခန့်သည် ကန်သာယာမီးပွိုင့်နှင့် မြောက်ဥက္ကလာအဝိုင်း မှတ်တိုင်အနီးတို့တွင် အများပြည်သူအသုံးပြုလျက်ရှိသော လမ်းများပိတ်ဆို့ခြင်း၊ ကန်သာယာလမ်းဆုံမှ သုဓမ္မာ လမ်းမကြီးတစ်လျှောက်ရှိ လမ်းသွယ်များဖြစ်သော ခေမာသီ၊ ဥဇ္ဇာနာ၊ အိန္ဒြာ၊ ဝဇီရာ၊ သန္တာလမ်း နှင့် နွယ်နီလမ်းတို့၌ ကားတာယာများ၊ ဓာတ်တိုင်ကြိုးများ၊ စည်ပင်အမှိုက်ပုံးများ၊ ကျောက်တုံး များတို့ဖြင့် ပိတ်ဆို့ ကာရံပြီး ဆူပူဆန္ဒပြလျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုကွဲစေ ရေး လက်ကိုင် အသံချဲ့ စက်များဖြင့် အကြိမ်ကြိမ်သတိပေးခဲ့မှုကိုလည်း လိုက်နာမှုမရှိသည့်အပြင် ဆူပူဆန္ဒပြသူများမှ ဂျင်ကလိများ၊ လေသေနတ်များ၊ ဖန်ဂေါ်လီ မူလီခေါင်းများ၊ လေးဂွများ အကြမ်းဖက်တိုက်ခိုက်လာခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အနည်းဆုံးအင်အား အနိမ့်ဆုံးအဆင့်ဖြင့် အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းစဉ်များအတိုင်း လုပ်ထုံးလုပ်နည်း မူဝါဒနှင့်အညီ အဆင့်ဆင့်လူစုခွဲမှုများကို ဆောင်ရွက်ခဲ့ရသည်။ 

ထိုသို့ လူစုခွဲနိုင်ရေးဆောင်ရွက်စဉ် ဆူပူလှုပ်ရှားသူများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆန္ဒပြလူထုကြီးအတွင်း၌ အချင်းချင်းပြေးလွှာ ပစ်ခတ်ရာမှ ၁၀ ဦးဒဏ်ရာရရှိခဲ့ပြီး အမျိုးသား ၇ ဦး သေဆုံးခဲ့ကြောင်းနှင့် ဆူပူဆန္ဒပြသူ ၁၀၆ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အဆိုပါသေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းများတွင် သေမှုသေခင်းဖွင့်လှစ်၍ စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။