ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့၌ အကြမ်းဖက်သမားများက လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၊ အကြမ်းဖက် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံးကာ ၉ လအရွယ် အပြစ်မဲ့မိန်းကလေးတစ်ဦး စိုးရိမ်ရဒဏ်ရာရရှိ
နေပြည်တော်၊ ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့၌ ဇွန်လ ၁၆ ရက်တွင် အကြမ်းဖက်သမားများက အကြမ်းဖက်မှုလုပ်ရပ်များလုပ်ဆောင်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးကာ ၉ လ အရွယ် အပြစ်မဲ့ မိန်းကလေးငယ်တစ်ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ဒဂုံမြို့နယ်၊ ယောမင်းကြီး ရပ်ကွက်၊ ဗိုလ်ရာညွန့်လမ်း၊ အမှတ်(၇၆)အရှေ့ လမ်းဘေးပလက်ဖောင်းပေါ်၌ ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိထားပြီး ကျန်အမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ အဆိုပါ နေရာ၌ အမျိုးသားတစ်ဦးအား မျက်နှာ၊ ဝဲ/ယာ လက်နှင့် ခြေထောက်တို့၌ စုတ်ပြဲကြေမွဒဏ်ရာ များဖြင့် တွေ့ရှိရပြီး ၎င်းအနီးမှ ပေါက်ကွဲထားသည့် လက်လုပ်မိုင်းအပိုင်းအစများအား တွေ့ရှိရသည်။ အဆိုပါ ဒဏ်ရာရရှိသူအမျိုးသားအား ဆေးကုသမှုခံယူနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေး ကုသမှုပေးနေစဉ် သေဆုံးသွားကြောင်း သိရှိရသည်။
ပေါက်ကွဲမှုဖြစ်စဉ်အား စိစစ်ခဲ့ရာ သေဆုံးခဲ့သည့် အကြမ်းဖက်သမားတစ်ဦးသည် အခြား အကြမ်းဖက်သမားတစ်ဦးနှင့်အတူ ဗိုလ်ရာညွန့်လမ်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ လမ်း လျှောက်လာပြီး အခင်းဖြစ်နေရာအရောက်၌ လက်လုပ်မိုင်းတစ်လုံးအား တပ်ဆင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်သမားတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင် သွားကြောင်း သိရှိရသဖြင့် ထွက်ပြေးသွားသည့် အကြမ်းဖက်သမားတစ်ဦးအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အလားတူ ဇွန်လ ၁၆ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ကျောက်တန်းမြို့၊ ရွှေကုန်းရပ် ကွက်ရှိ အခန်းငှားရမ်းထားရှိသည့် (၆)ခန်းတွဲအဆောင်မှ အခန်းအမှတ်(၆)၌ ပေါက်ကွဲမှုဖြစ်ပွား ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါအခန်းတွင် ငှား ရမ်းနေထိုင်လျက်ရှိသည့် ဒေါ်နှင်းကြည်(၅၈)နှစ် (ဘ)ဦးချိုကေနှင့် ၎င်း၏သားဖြစ်သူ ပြည့်ဝကျော် (၂၁)နှစ် (ဘ)ဦးအောင်ကြိုင်တို့ ၂ ဦးကို ခန္ဓာကိုယ်အနှံ့ ပေါက်ကွဲစထိမှန်ဒဏ်ရာများ၊ ခေါင်း၊ လက် နှင့်ခြေထောက်တို့ပြတ်ကာ သေဆုံးနေသည်ကို တွေ့ရှိရပြီး ၎င်းတို့အခန်းနှင့်ကပ်လျက်ရှိသည့် အခန်း(၅)၌ နေထိုင်သူ ဦးပြည့်ဖြိုးဝင်း၏ သမီးဖြစ်သူ (၉)လအရွယ် မရွှေယမင်းဦး၏ ဦးခေါင်း၌ ပေါက်ကွဲစထိမှန်ဒဏ်ရာများ (စိုးရိမ်ရ)ရရှိထားသည်ကို တွေ့ရှိရသည်။ အဆိုပါ ကလေးငယ်အား ဆေးကုသမှုခံယူနိုင်ရေးအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ပေါက်ကွဲမှုဖြစ်စဉ် နှင့်ပတ်သက်၍စိစစ်ခဲ့ရာ ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် ပြည့်ဝကျော်သည် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အခင်းဖြစ်နေအိမ်သို့ တစ်ခါတစ်ရံမှ လာရောက်နေထိုင်သူ ဖြစ်ကြောင်း၊ အခန်းအတွင်း၌ ၎င်း၏မိခင်ဖြစ်သူနှင့်အတူ လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုလုပ်ရပ်များကြောင့် ၎င်းတို့ကိုယ်တိုင် ထိခိုက်သေဆုံးခဲ့ရသည့်အပြင် အပြစ်မဲ့ကလေးငယ်များပါ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ အကြမ်း ဖက်မှုလုပ်ရပ်များတွင် ပူးပေါင်းပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်း မိမိမြို့၊ရွာတည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု၊ သွားလာမှုသတင်းများ သိရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လျှို့ဝှက်စွာ သတင်းပေးပို့ ပေးပါရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။