ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် လှော်ကား-အင်းစိန်ရထား ထပ်မံတိုးချဲ့ပြေးဆွဲ

ရန်ကုန်၊ ပို့ဆောင်ရေး

မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မြို့ ပတ်ရထားလမ်းပိုင်းတွင် လှော်ကား-အင်းစိန်ရထားကို  မေ  ၂၀ ရက်မှ စ၍ ထပ်မံတိုးချဲ့ပြေးဆွဲပေးခဲ့ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာ မြို့ ပတ်ရထားသုံးစင်းထွက်တယ်။ တစ်စင်းက အင်းစိန်-လှော်ကား၊ လှော်ကား- အင်းစိန် ပြေးဆွဲပေးတယ်။ ကျန်နှစ်စင်းက မြို့ပတ် ပြေးဆွဲပေးတယ်” ဟု ၎င်းကပြောသည်။

COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြန်မာ့မီးရထားမှ မြို့ပတ် ရထားခရီးစဉ်ကို ရုံးတက်၊ ရုံးဆင်းချိန်တွင် သာပြေးဆွဲပေးပြီး ကျန်မြို့ပတ်ရထားခရီးစဉ် များကို ယာယီရပ်နားထားကြောင်း၊ လက်ရှိ တွင် မြို့ပတ်ရထားနှစ်စင်းဖြင့် ပြေးဆွဲပေး နေပြီး မေ ၂၀ ရက်မှစ၍ လှော်ကား-အင်းစိန်ရထားကို ထပ်မံတိုးချဲ့ပြေးဆွဲပေး ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့မီးရထားမှ ယာယီရပ်နားထားသည့် ခရီးစဉ်များအား ပြန်လည်ပြေးဆွဲပေးနေရာ မေ ၁၅ ရက်မှ စ၍ ပျဉ်းမနား ဘူတာမှ ပျဉ်းမနား-တောင်တွင်းကြီး အမှတ် (၁၀၃) အဆန်နှင့် (၁၀၄) အစုန် RBE ရထားတွဲ နှစ်တွဲဖြင့် ပြန်လည်ပြေးဆွဲပေးပြီး ရန်ကုန်- ပဲခူးလမ်းပိုင်း၌   အမှတ်  (၁၃) အဆန်နှင့် အမှတ် (၁၄) အစုန် RBE လူစီးရထားတွဲနှစ်တွဲဖြင့် မေ ၈ ရက်တွင် ပြန်လည်ပြေးဆွဲပေးကြောင်း၊ ယာယီရပ်နား ထားသည့်  ရန်ကုန်- မန္တလေးစာပို့ရထား ခရီးစဉ်ကို မေ ၆ ရက်မှစ၍ ပြန်လည် ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

မြန်မာ့မီးရထားမှ COVID-19 ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ရထားစီး ခရီးသည်လျော့နည်းခြင်း ကြောင့် ရပ်နားထားသည့် ရထားခရီးစဉ်များအနက် တချို့ကို ပြန်လည်ပြေးဆွဲပေးနေပြီး ခရီးသည် စီးနင်းမှု ပေါ်မူတည်၍   ရထားခရီးစဉ်များ ထပ်မံပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်