ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်ပေး နေပြီး အရေးပေါ်ကုန်စည်များ ဆိပ်ကမ်းကိုယ်စားလှယ်ဌာနများ၌ ထုတ်ယူနိုင်
ရန်ကုန်၊ ဆိပ်ကမ်းဝန်ဆောင်မှု
ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းဖြင့် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာဆိပ် ကမ်းများတွင် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်နေသော ဆိပ်ကမ်း ဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်ပေးနေပြီး အရေးပေါ်ကုန်စည်များကို ဆိပ်ကမ်း ကိုယ်စားလှယ်ဌာနများ၌ ထုတ်ယူနိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်ရုံး(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတဲ့ ဒီကာလအတွင်း ရန်ကုန်မြို့မှာရှိတဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နဲ့ ဆိပ်ကမ်းတံတားတွေအားလုံးက အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုတွေ စဉ်ဆက်မပြတ်လည်ပတ်နိုင်ဖို့ ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းတွေကိုမရပ်နားဘဲ ဆောင်ရွက်လျက်ရှိပါတယ်။
ဆိပ်ကမ်းတွေမှာ နေ့အလိုက် ဝင်ရောက်လာမယ့်သင်္ဘောတွေ နေရာချထားပြီး ကုန် သေတ္တာနဲ့ တခြားကုန်စည်တွေ ထုတ်ယူဖို့ကို သတ်မှတ်ရက်တွေအလိုက် ဆောင်ရွက်ပေး ပါမယ်။ အဓိကကပို့ကုန်တွေ အချိန်မီတင်ပို့နိုင်ဖို့၊ သွင်းကုန်တွေအချိန်နဲ့ တစ်ပြေးညီ ထုတ်ယူနိုင်ဖို့ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသည် လက်ရှိတွင် ပြည်ပနိုင်ငံအသီးသီးမှ နေ့စဉ်ဝင်ရောက်လာသော ကုန်သေတ္တာတင်သင်္ဘောနှင့် တခြားကုန်စည်သင်္ဘော များအား ဆိပ်ကမ်းများ၌ နေရာချထားခြင်းကို ဇူလိုင် ၁၈ ရက်မှစ၍ တစ်ရက်ခြားစီ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ယခုကာလတွင် တင်သွင်းလာသော ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုး၊ ဆေးရုံသုံး အထောက် အကူပြု ပစ္စည်းအမျိုးမျိုးနှင့် တခြားကုန်စည်များ၊ ကုန်သေတ္တာများ ထုတ်ယူခြင်းကို ဆိပ်ကမ်းကိုယ်စားလှယ် ဌာနများ၌ ဇူလိုင် ၂၀ ရက်နှင့် ၂၂ ရက် တို့တွင် ထုတ်ပေးမည် ဖြစ်ကြောင်းနှင့် အရေးပေါ်လိုအပ်ချက်များ ဖြစ်ပေါ်ကာ ထုတ်ယူရမည်ဆိုပါက သက်ဆိုင်ရာ သင်္ဘောလိုင်းများနှင့် ဆက်သွယ်ထုတ်ယူနိုင်ကြောင်း သိရသည်။
မောင်မျိုး(ဧရာဝတီ)