ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးစျေးသို့ တစ်ရက်လျှင် ရေထွက်ကုန်ပိဿာချိန် သုံးသိန်းကျော် ၀င်ရောက်ကာ အရောင်းအ၀ယ် ကောင်းမွန်လျက်ရှိ
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ ရွှေပိတောက် ငါးဈေးသို့ မြန်မာ့ပင်လယ်ပြင်မှ ဖမ်းယူရရှိသော ရေငန်ငါး အမျိုးအစားပေါင်း ၁၀၀ ခန့် ဝင်ရောက်လျက် ရှိသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မွေးမြူရေးကန်များမှထွက်ရှိသော ရေချိုငါးအမျိုးအစားပေါင်း ၃၀ ကျော်လည်း နေ့စဉ်ပုံမှန်ဝင်ရောက်ပြီး တစ်ရက်လျှင် ရေထွက်ကုန် ပိဿာချိန် သုံးသိန်းကျော် ဝင်ရောက်ကာ အရောင်းအ၀ယ် ကောင်းမွန်လျက်ရှိကြောင်း ရွှေပိတောက်ငါးဈေးမှ ဈေးတာဝန်ခံ ဦးသန်းနိုင်၏ ပြောကြားချက်အရ သိရသည်။
"ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး ရွှေပိတောက် ငါးဈေးကို ပင်လယ်ပြင်ကထွက်ရှိတဲ့ ငါးပုဏ္ဏား၊ပြည်ကြီးငါး၊ ကင်းမွန်၊ ပုစွန်၊ ရွှေငါး၊ ငါးမျက်ဆန်ကျယ် စတဲ့ ငါးတွေအပါအဝင် ရေငန်ငါးအမျိုးအစား တော်တော်များများ ပြန်လည် ဝင်ရောက်လာပါတယ်။
ရေချိုငါးအနေနဲ့ကတော့ ရန်ကုန်၊ ပဲခူး၊ ဧရာ၀တီတိုင်းဒေသကြီးတို့က မွေးမြူရေးကန်တွေကနေထွက်ရှိတဲ့ ငါးမြစ်ချင်း၊ ငါးတန်၊ ငါးခူ၊ ငါးကျည်း၊ ငါးကြင်းအပါအဝင် မွေးမြူရေးငါးတွေ နေ့စဉ် ပုံမှန်ဝင်ရောက်နေပါတယ်"ဟု ဦးသန်းနိုင်က ပြောသည်။
ယခုအခါ ရွှေပိတောက်ငါးဈေးသို့ တစ်ရက်လျှင် ရေထွက်ကုန်ပိဿာချိန် သုံးသိန်းကျော် ဝင်ရောက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စားသုံး သူများအတွက် လုံလောက်မှုရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် နီးစပ်ရာဒေသများသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။ ရွှေပိတောက်ငါးဈေးတွင် ဈေးရုံပေါင်း ရှစ်ရုံရှိပြီး မှတ်ပုံတင်ထားသည့် ဆိုင်ခန်းပေါင်း ၄၅၀ နီးပါးနှင့် ပျံကျဈေးဆိုင်ခန်းပေါင်း ၁၉၀ ခန့် ဖွင့်လှစ်ရောင်းချလျက်ရှိသည်။
အဆိုပါ ဈေးသန့်ရှင်းရေးအတွက် ရေစုကန်၊ ရေကားနှင့် အမှိုက်ကားတို့ စီစဉ်ထားပြီး သက်ဆိုင်ရာ ဝန်ထမ်းများက တစ်ရက်လျှင် နှစ်ကြိမ် ဈေးသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဈေးလုံခြုံရေး အတွက်လည်း CCTV ကင်မရာ ၁၄၁ လုံးတပ်ဆင်ကာ တာဝန်ရှိသူများက စောင့်ကြည့်လျက်ရှိသည့်အပြင် လုံခြုံရေး ဝန်ထမ်းများကိုလည်း နေ့၊ ညမပြတ် တာဝန်ချထားကြောင်း သိရသည်။