အယ်ဒီတာ့အာဘော်
(၂ဝ၂၁ ခုနှစ်၊ မေ ၁ဝ ရက်)
''မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား'' မြတ်ဘုရားရှင် ဟောကြားတော်မူသော ဤတရားတော်ကို လူတိုင်း သိနားလည်လွယ်သည်။ နားလည်လွယ်သလောက် ကျင့်ကြံအားထုတ်ရန် အခက်ခဲဆုံးဖြစ်သည်။ မကောင်းမှုမှန်း သိနေပါလျက်နဲ့ ရှောင်ကြဉ်နိုင်ခြင်း မရှိကြဘဲ ထိုမကောင်းမှုပြုရသည် ကိုပင် ဂုဏ်ယူနေကြသည်။ မြင်သာသော အချက်ကို မီးမောင်းထိုးပြရလျှင် လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံများ မီးရှို့ဖျက်ဆီးခံရသည်။ ထိုသို့ မီးရှို့နေရသည်ကိုပင် ပျော်ရွှင်အားရစွာဖြင့် ငြာသံပေးကာ ''မီးရှို့ .. မီးရှို့'' အော်ဟစ်နေကြသည်။ မီးသတ်ကားများ မလာနိုင်အောင် လမ်းများကို အခိုင်အမာ ပိတ်ဆို့ထားသည်။ မီးသတ်ဝန်ထမ်းများကို ရန်ပြုသည်။ နောက်ဆုံးတွင် သူတို့စိတ်ကြိုက် စက်ရုံတွေ မီးလောင်သွားသည်။
ထိုစက်ရုံများကို မှီခို၍ အလုပ်လုပ်ကာ ဝင်ငွေရရှိနေသူများ အလုပ်လက်မဲ့ ဖြစ်သွားသည်။ တစ်နွယ်ငင် တစ်စင်ပါ မိသားစုမြောက်မြားစွာ စားဝတ်နေရေး လုံးဝခက်ခဲသွားသည်။ ရာဇဝတ်ဘေးပြေးမလွတ် ဆိုစကား ရှိထားပြီးဖြစ်သည်။ အကယ်၍ ရာဇဝတ်ဘေးက ပြေးလွတ်သည်ထားဦး။ မကောင်းမှု ပြုလုပ်သူသည် မကောင်းကျိုးသာ ခံစားရလိမ့်မည်။ အသက်ရှင်ရပ်တည်နေစဉ်အတွင်း စိတ်သောက ဖိစီးနေပါမည်။
နောင်ဘဝမှာ (လူအဖြစ်ပြန်ရခဲ့သော်မှ) အများ၏ မှီခိုရာ အဆောက်အအုံ၊ လုပ်ငန်းများ ဖျက်ဆီးခဲ့သော အကုသိုလ်ကံကြောင့် စားရမဲ့သောက်ရမဲ့ ခွက်လက်ဆွဲကာ တောင်းစားရမည့် ဘဝမှာ ဧကန်ဖြစ်ပေလိမ့်မည်။
အစွန်းရောက် အတွေးအခေါ်များနှင့် သွေးထိုးမြှောက်ပင့်သူများ၏ စကားကို အထင်ကြီးကာ အဖျက်လုပ်ငန်း မှန်သမျှ လုပ်ရန်ဝန်မလေးဘဲ ကျူးလွန်ရသည်ကိုပင် ဂုဏ်ယူနေကြသည်။ ပြစ်မှုကျူးလွန်သူ အများစုကို လေ့လာကြည့်လိုက်သောအခါ အသက် ၂ဝ နှင့် ၃ဝ အကြား လူငယ်လူရွယ်များကို တွေ့ရသည်။ တလွဲဆံပင်ကောင်းနေကြသည်။ ချိန်ကိုက်မိုင်းထောင်မည်။ ထိုမိုင်းကြောင့် လူတစ်ဦး သို့မဟုတ် အများ သေဆုံးလျှင် သူတို့ပျော်ကြမည်။ သူတို့လုပ်ရပ် အောင်မြင်သည်ဟူ၍ အချင်းချင်း မြှောက်ပင့်ဂုဏ်ပြုနေကြသည်။ သေဆုံးသွားသူတို့၏ မိဘဆွေမျိုး၊ အသိုင်းအဝိုင်း၏ ပူပင်သောကဖြစ်မှုကို ထည့်တွက်ကြမည်မဟုတ်ပေ။
သူများကို သေစေရန် ကြံရွယ်နေသူတို့၏ အကုသိုလ် အကျိုးပေးသည် အံ့သြစရာကောင်းလှသည်။ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်၌ မေ ၃ ရက်က အကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုရန် လက်လုပ်ချိန်ကိုက်မိုင်း စမ်းသပ်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်ဟောင်း အပါအဝင် အမျိုးသားငါးဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ကြားသိလိုက်ရသည်။ ဖြစ်စဉ်မှာ မေ ၃ ရက် ညနေ ၅ နာရီခန့်က ပြည်မြို့နယ် နတ္တလင်း ကျေးရွာအုပ်စု ကမ္ဘီလာကျေးရွာနေ ဦးမောင်စယ် ၆၁ နှစ်၏ သံပရာခြံအတွင်း၌ ပြင်းထန်သည့် တုန်လှုပ်မှုနှင့် အသံကျယ်လောင်စွာ ပေါက်ကွဲမှုဖြစ်ပွားသည်။ ပေါက်ကွဲမှုကြောင့် သက်ဝင်းလှိုင် ၃၅ နှစ် (တိုင်း ၁ လွှတ်တော် ကိုယ်စားလှယ်ဟောင်း၊ NLD ပါတီဝင်)၊ အောင်မင်းဖြိုး ၂၃ နှစ်၊ အေးမင်းသိန်း ၂၂ နှစ်၊ ဟန်ဇော်ဌေး ၂၂ နှစ်တို့လေးဦးသည် အခင်းဖြစ်နေရာတွင် သေဆုံးသွားသည်။ ချစ်သဲ ၃ဝ နှစ်၊ စည်သူအောင် ၃ဝ နှစ်တို့မှာ ဒဏ်ရာပြင်းထန်၍ ဆေးရုံပို့စဉ် ချစ်သဲမှာ သေဆုံးသွားခဲ့သည်။
အလားတူဖြစ်စဉ် တစ်ခုမှာ မေ ၄ ရက်က မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၌ လက်လုပ်ဗုံး ပေါက်ကွဲ၍ ရာဇသတ်ကြီးပုဒ်မ-၅ဝ၅-က ဖြင့် အမှုဖွင့်ထားသော ဆူပူအကြမ်းဖက်သူ တစ်ဦးအပါအဝင် အမျိုးသားသုံးဦး သေဆုံးသွားသော သတင်းကြားသိရသည်။ သေဆုံးသူများအနက် ဝေယံအောင် ၃ဝ နှစ်မှာ နယ်မြေခံရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့်ခံရပြီး ထွက်ပြေး တိမ်းရှောင်နေသူဖြစ်သည်။
ထို့အတူ မေ ၅ ရက် ည ၁ဝ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချုပ်(၂)ရပ်ကွက် နတ်မောက်လမ်း ဗိုလ်ချုပ်ပန်းခြံတွင် လက်လုပ်မိုင်းများ ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ကိုယ်တိုင်ပြုလုပ်သူက ဒဏ်ရာရသွားသည်။ ကျန်သူများကို ဖမ်းဆီးရမိသည်။ အသက်အရွယ်အားဖြင့် ၃ဝ နှစ်ဝန်းကျင် ရှိသူများ ဖြစ်ကြသည်။
သတ္တဝါမှန်သမျှသည် မိမိတို့ပြုလုပ်သော ကံအတိုင်း တုံ့ပြန်ခံစားကြရသည်။ ထိုကံအကျိုးပေးမှုကို တစ်မျိုးတစ်မည်ဖြစ်အောင် မည်သည့် တန်ခိုးရှင်ကမှ ပြုပြင်ပြောင်းလဲ ဖယ်ရှားခုခံနိုင်ခြင်း မရှိနိုင်ပါ။ မလွဲမသွေ ဧကန်မုချဖြစ်တတ်သော နိယာမတရားဖြစ်ပါသည်။ ပြစ်မှုကျူးလွန်သူတို့ကို လေ့လာကြည့်လိုက်တိုင်း တွေ့ရသည်မှာ စိတ်ထားမဖြူစင်ခြင်းဖြစ်သည်။ စိတ်ကိုဖြူအောင်ထားဆိုသော စကားရပ်သည် ကျယ်ဝန်းသည်။ မှန်မှန်ကန်ကန် တွေးခေါ်ခြင်း၊ မှန်မှန်ကန်ကန် သိမြင်ခြင်း၊ မှန်မှန်ကန်ကန် ဆုံးဖြတ်ခြင်းများ မရှိသောအခါ စိတ်သည် မည်းညစ်သွားသည်။ ထိုအခါ ကောင်းမှုကိုဆောင်ရန် ဝေး၍ဝေး၍ သွားလေတော့သည်။ အကြမ်းဖက် လုပ်ရပ်များသည် မည်သူ့ကိုမျှ ကောင်းကျိုးမပြုပါ။ အားလုံးသည် လူသားများသာဖြစ်သည်။ ဘယ်သူပဲသေသေ သေသူအားလုံးသည် မိဘဆွေမျိုး အသိုင်းအဝိုင်းနှင့် နေကြသူများဖြစ်ပေရာ ဝမ်းသာ အားရနေသူရှိမည် မဟုတ်ပါ။ အားလုံးအတွက် ကောင်းကျိုးမရှိသော လုပ်ရပ်များကို မလုပ်သင့်တော့ပါ။ အနှစ်ချုပ်ဆိုရလျှင် ရပ်တန်းက ရပ်သင့်နေပြီ အကြမ်းဖက်တို့ဟူ၍ တိုက်တွန်း ချင်ပါတော့သည်။ ။